Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ အစုအဖွဲ့က မဲဆန္ဒနယ် တချို့ရဲ့ ရလဒ်ကို ကန့်ကွက်

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ကာလရှည်ကြာ ကြီးစိုးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ပထမဆုံး ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာတော့ နိုင်ငံရဲ့ ဩဇာအကြီးဆုံး နိုင်ငံရေး မိသားစု တစ်ခုကနေ ဆင်းသက်လာသူ တာရစ်ရာမန် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဦးဆောင်တဲ့ မဟာမိတ်တွေက အမတ်နေရာ ၂၁၂ ခု ရရှိပြီး ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အင်အားအကြီးဆုံး အစ္စလာမ်မစ် ပါတီဖြစ်တဲ့ ဂျမတ် အီ အစ္စလာမ်မီ ဦးဆောင်တဲ့ ပြိုင်ဘက် အင်အားစုကတော့ အမတ်နေရာ ၇၇ စာပဲ အနိုင်ရခဲ့ပါတယ်။

ဂျမတ်ပါတီရဲ့ အကြီးအကဲ ရှဖစ်ကာ ရာမန်က သူ့ပါတီရဲ့ အရေးနိမ့်မှုကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဝန်ခံခဲ့ပြီး နိုးကြားတဲ့၊ စည်းကမ်းသေဝပ်တဲ့၊ ငြိမ်းချမ်းနဲ့ အတိုက်အခံအနေနဲ့ လွှတ်တော်ထဲမှာ ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော် အမတ်တွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုဖွယ် ရှိနေပြီး အဲဒီနောက်ပိုင်းမှာတော့ တာရစ် ရာမန်က ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ယူလာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ ဂျမတ်ပါတီရဲ့ တာဝန်ရှိသူတွေက မဲဆန္ဒနယ် ၃၂ ခုမှာ ပါတီကိုယ်စားပြု အမတ်လောင်းတွေဟာ မမျှတတဲ့ အခြေအနေတွေနဲ့ ရှုံးနိမ့်ခဲ့ရကြောင်း ပြောကြားပြီး ပြန်လည် စစ်ဆေးပေးဖို့ ECဆီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဟာမီဒူရာ ရာမန်အာဇက်က ရွေးကောက်ပွဲနေ့ဟာ ချောချောမောမော အစပြုနိုင်ခဲ့ပေမယ့် အဆုံးသတ်ကတော့ မျှော်လင့်သလို မဖြစ်ခဲ့ကြောင်း၊ မဲအတုတွေ၊ လာဘ်ထိုးပြီး မဲဝယ်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ အကြမ်းဖက်တာတွေ၊ တိုက်ခိုက်မှုတွေက မဲပေးမှုမှာ အများကြီး စွက်ဖက်ခံခဲ့ရကြောင်း စွပ်စွဲခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကတော့ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်ကာလမှာ နိုင်ငံရေး အငြင်းအခုံတွေနဲ့ ဆက်စပ်ပြီး လူ ၅ ဦးသေ၊ ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောပေမယ့် ရွေးကောက်ပွဲနေ့မှာတော့ ပြဿနာတွေ ကြီးကြီးမားမား မရှိဘဲ ပြီးဆုံးခဲ့တယ်လို့ မှတ်ချက်ပေးထားပါတယ်။ ရွေးကောက်ပွဲနေ့ နောက်ပိုင်းမှာလည်း နိုင်ငံရေး ငြင်းခုံမှုတွေနဲ့ ဆက်စပ်လို့ ၂ ဦးသေပြီး ဖျက်လိုဖျက်ဆီးပြုမှု တိုင်ကြားချက် တချို့လည်း လက်ခံရရှိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

ဂျမတ်ပါတီရော၊ မဟာမိတ်ဖြစ်ပြီး ဟာဆီနာအစိုးရ ပြုတ်ကျစေမယ့် ဆန္ဒပြ လှုပ်ရှားမှုတွေကို အဓိက ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေက ထူထောင်ထားတဲ့ အမျိုးသား နိုင်ငံသားပါတီ (NCP)ကပါ သူတို့ကို ထောက်ခံသူတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေ ရှိခဲ့ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။

ECရဲ့ ထုတ်ပြန်ချက်အရ မဲဆန္ဒနယ် ၃၀၀ အနက် ၂၉၉ ခုမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ပြီး မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်းက မဲလာပေးခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ မဲပေးမှုတွေကနေ တိုက်ရိုက် တင်မြှောက်ခံရသူတွေထဲမှာ အမျိုးသမီး ၇ ဦးသာ ပါဝင်ခဲ့ပြီး ပါတီတွေအလိုက် ရရှိတဲ့ မဲအရေအတွက်နဲ့ ခွဲတမ်းသတ်မှတ်ပေးမယ့် နောက်ထပ် အမျိုးသမီး အမတ် နေရာ ၅၀ စာကိုတော့ သီးသန့် လျာထားပါတယ်။

လူနည်းစု အသိုက်အဝန်းလို့ သတ်မှတ် ခံထားရသူတွေထဲက အမတ်အဖြစ် အနိုင်ရသူကတော့ ၄ ဦး ရှိခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံလူဦးရေရဲ့ ၇ ရာခိုင်နှုန်းသာရှိတဲ့ ဟိန္ဒူ ဘာသာဝင်တွေထဲက ၂ ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။