အရှေ့တောင်အာရှ ဒေသတွင်းမှာ အကြီးမားဆုံး နိုင်ငံစုံ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုဖြစ်တဲ့ Cobra Goldကို ထိုင်းနိုင်ငံမှာ စတင်နေပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ စတင်တဲ့ စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၃၀ လောက် ပါဝင်မှာဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အား ၈၀၀၀ လောက် လေ့ကျင့်ကြမယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။
နှစ်စဉ် ကျင်းပလေ့ရှိတဲ့ စစ်ရေးလေ့ကျင့်မှုကြီးရဲ့ ၂၀၂၆ ခုနှစ် အစီအစဉ်တွေကိုတော့ ထိုင်းရဲ့ ပြည်နယ်တချို့မှာ မတ်လ ၆ ရက်နေ့ထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Cobra Goldရဲ့ ရည်မှန်းချက်ဟာ လက်ရှိ ဖြစ်ပျက်ပြောင်းလဲနေတဲ့ ကမ္ဘာ့ရေးရာ အခြေအနေတွေကို လိုက်လျောညီ ကိုင်တွယ်နိုင်အောင် နိုင်ငံတကာ ပူးပေါင်း စစ်ဆင်ရေး အစီအမံတွေကို မြှင့်တင်ဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
Cobra Goldကို ထိုင်းနဲ့ အမေရိကန်တို့က ပူးတွဲ ကမကထပြုပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့က တင်းပြည့်ကျပ်ပြည့် ပါဝင်ကြပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဩစတြေးလျတို့က လူသားချင်း စာနာမှု အကူအညီပေးရေးလို လေ့ကျင့်မှု အစိတ်အပိုင်း တချို့မှာ ရွေးချယ် ပူးပေါင်းထားကြပါတယ်။ ဆွီဒင်၊ ဘရူနိုင်း၊ ဂျာမနီ၊ ဂျော်ဒန်၊ လာအို၊ ဆော်ဒီအာရေးဘီးယားနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေကတော့ လေ့လာသူတွေအဖြစ် ပါဝင်ကြမှာပါ။
ရယောင်းပြည်နယ်ရဲ့ ယူတာပေါင် တော်ဝင်ထိုင်း လေယာဉ်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ အခုနှစ် စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲ အခမ်းအနားမှာ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရှောင်အိုနေးလ်က လက်ရှိ ဖြစ်ပေါ်ပြောင်းလဲလာနေတဲ့ နိုင်ငံတကာ ခြိမ်းခြောက်မှုတွေကြောင့် Cobra Goldလို စစ်ရေးလေ့ကျင့်မှုတွေဟာ မဖြစ်မနေ လိုအပ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ကမ္ဘာကြီးက ပြောင်းလဲနေတာကြောင့် Cobra Goldကလည်း လိုက်လံ ပြောင်းလဲဖို့တော့ လိုအပ်ကြောင်း၊ Cobra Goldရဲ့ အစီအမံတွေကိုလည်း စိန်ခေါ်မှု အသစ်တွေနဲ့ လိုက်လျောညီထွေမှု ရှိစေဖို့ အမြဲတမ်း သတိပြု ရေးဆွဲထားကြောင်း သူက ဆိုပါတယ်။
အခုနှစ် စစ်ရေးလေ့ကျင့်မှုမှာတော့ နည်းဗျူဟာပိုင်း၊ နည်းစနစ်ပိုင်းနဲ့ ကွင်းဆင်းစစ်ရေးလေ့ကျင့်မှု ကဏ္ဍပေါင်းစုံ ပါဝင်မှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ Cobra Goldအတွက် တပ်ဖွဲ့ဝင် ၃၀၀၀ ကို စေလွှတ်ပေးထားကြောင်းလည်း သိရပါတယ်။
Cobra Goldကို ၁၉၈၂ ကစလို့ နှစ်စဉ် ကျင်းပခဲ့ပြီး အခုအခါ ၄၅ ကြိမ်မြောက်ထိ ရှိလာပြီ ဖြစ်ပါတယ်။
ကိုးကား: Bangkok Post
ဓာတ်ပုံ – Reuters


















































