အင်ဒိုနီးရှားနိုင်ငံရဲ့ အပန်းဖြေ ကျွန်းတစ်ခုဖြစ်တဲ့ ဘာလီမှာ ရေကြီးမှုတွေကြောင့် ကမ္ဘာလှည့် ခရီးသည်တွေကို အပူတပြင်း ရွှေ့ပြောင်းပေးနေရပါတယ်။
အာဏာပိုင်တွေက အကြီးစား ရေကြီးရေလျှံမှု ပြဿနာတွေကြောင့် ဒေသခံတွေသာ မကဘဲ နိုင်ငံခြားသား ခရီးသွားဧည့်သည် တော်တော်များများကိုပါ ဘေးလွတ်ရာ ကူညီ ရွှေ့ပြောင်းပေးထားရကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ဘာလီမှာ အခုသီတင်းပတ် အစကတည်းက မိုးတွေ သည်းသည်းထန်ထန် ဆက်တိုက် ရွာသွန်းရာက ဒေသရဲ့ မြို့တော် ဒန်ပါဆာ အပါအဝင် နေရာတချို့မှာ ရေကြီးကုန်တာ ဖြစ်ပါတယ်။
ရေကြီးမှုတွေကြောင့် လူနေအိမ်တွေ၊ ကဖေးတွေ၊ စားသောက်ဆိုင်တွေ၊ လောင်စာဆီ အရောင်းဆိုင်တွေပါ ရေမြုပ်ကုန်ပြီး တချို့ နေရာတွေမှာ ဟိုတယ်တချို့ကနေ နိုင်ငံခြားသား ဧည့်သည်တွေကို ရာဘာလှေတွေ အသုံးပြုပြီး ရွှေ့ပြောင်းပေးခဲ့ရကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။ ရေကြီးမှုတွေက အခြေအနေ ဆိုးခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိဘူးလို့လည်း သိရပါတယ်။

Public Service Announcement
အသက် ၂၈ နှစ်အရွယ် မက္ကဆီကို နိုင်ငံသား ဘရိုင်ယာနာ ပလစာစီယို့စ်က မူလက သူတို့ဟာ ဘာလီ တိရစ္ဆာန်ရုံမှာ ဆင်တွေကို သွားကြည့်ဖို့ စီစဉ်ထားခဲ့ပေမယ့် ရေကြီးနေလို့ ဆင်တွေနားလည်း လုံးဝ သွားလို့ မရခဲ့ဘူးလို့ AFP သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက ဘာလီမှာ အနည်းဆုံး လူ ၃၅၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ နောက်ပြီး ဘာလီလေဆိပ်မှာ ဆင်းသက်မယ့် နိုင်ငံတကာ လေကြောင်းခရီးစဉ် နှစ်ခုဟာလည်း သည်းသည်းထန်ထန် မိုးရွာသွန်းမှုတွေကြောင့် လမ်းကြောင်းပြောင်းခဲ့ရပါတယ်။ ဘာလီကနေ ပျံတက်မယ့် ခရီးစဉ် ၃ ခုကိုလည်း အချိန် ဆိုင်းငံ့ခဲ့ရပါတယ်။
မနှစ်က စက်တင်ဘာလတုန်းကလည်း ဘာလီမှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ဖူးပြီး ၁၈ ဦးသေ၊ ၄ ဦး ပျောက်ဆုံးခဲ့ပါတယ်။ ဘာလီ မိုးလေဝသ ဌာနကတော့ အဲဒီ စက်တင်ဘာ ရေကြီးမှုတွေဟာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း ဒေသတွင်းမှာ ကြုံဖူးသမျှ အဆိုးဆုံးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – AFP


















































