လောင်စာဆီတွေ ပြည်ပ တင်ပို့မှုကို ဆိုင်းငံ့ထားဖို့ တရုတ်အစိုးရက ရေနံချက် လုပ်ငန်းတွေကို တိုက်တွန်းထားကြောင်း သိရပါတယ်။
အီရန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် နိုင်ငံတကာ စွမ်းအင် တင်ပို့မှုတွေမှာ အကြီးအကျယ် ဂယက်ထနေတဲ့နောက် တရုတ်က ပြည်တွင်း ရေနံချက် ကုမ္ပဏီတွေ အနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ တင်ပို့မှုအတွက် နောက်ထပ် စာချုပ်အသစ်တွေကို လတ်တလော လက်မှတ် မထိုးကြဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အဲဒီ ညွှန်ကြားချက်ထဲမှာ နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေအတွက် လေယာဉ်ဆီ ဖြည့်တင်းပေးရေး အစီအမံတွေကို ကန့်သတ်တာမျိုး မပါဝင်ပါဘူး။ ပြီးတော့ တရုတ် အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မကာအိုနဲ့ ဟောင်ကောင်တို့ဆီ တင်ပို့မှုကိုလည်း တားမြစ်မထားကြောင့် တရုတ် ကုန်သွယ်လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မရှင်ကတော့ ပြည်ပကို လောင်စာဆီ တင်ပို့မှုတွေ ရပ်ဆိုင်းဖို့ ရေနံချက် လုပ်ငန်းတွေဆီ အစိုးရက ညွှန်ကြားထားကြောင်း သတင်းတွေအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Public Service Announcement
အာရှတိုက်ရဲ့ လောင်စာဆီ တင်ပို့မှု အမြင့်မားဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ကသာ တင်ပို့မှုတွေကို ပိတ်ပင်လိုက်မယ်ဆိုရင် အာရှတိုက်မှာ လတ်တလော ကြုံနေရတဲ့ လောင်စာဆီ ပြတ်လပ်နိုင်ခြေ အလားအလားတွေကို ပိုပြီး ဆိုးရွားသွားစေဖွယ် ရှိပါတယ်။
တရုတ် ရေနံချက် ကုမ္ပဏီတွေဆီကနေ လောင်စာဆီ မှာယူတဲ့ ဒေသတွင်း ဝယ်လက် သတင်းရင်းမြစ် သုံးခုကတော့ မတ်လအတွက် မှာယူထားတဲ့ လောင်စာ သွင်းကုန်တွေကို ဆက်လက် ရရှိနေဆဲလို့ Reuters သတင်းဌာနကို ပြောပါတယ်။
တရုတ်ရဲ့ ရေနံချက် လုပ်ငန်းကြီး အနည်းဆုံး နှစ်ခုလောက်ဟာ အခုလထဲမှာ ရေနံကနေ လောင်စာချက်လုပ်မှုကို ထိန်းညှိ လျှော့ချထားဖွယ် ရှိနေပြီး တခြား ကုမ္ပဏီတွေလည်း အလားတူ နည်းလမ်းမျိုး ရွေးချယ်လာနိုင်ပါတယ်။ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသက ရေနံစိမ်းတွေ တရုတ်နိုင်ငံဆီ ရောက်ရှိလာမှုမှာ အနှောင့်အယှက်တွေ ဖြစ်လာတဲ့အတွက် ရေနံစိမ်း ချက်လုပ်မှုကို ချွေတာထားတဲ့ သဘောပါ။
တခြား ကမ္ဘာ့နိုင်ငံတွေနည်းတူ တရုတ်မှာလည်း လောင်စာဆီ စျေးတွေက မြင့်တက်လာပါတယ်။ အီရန်စစ်ပွဲ စတင်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ ယှဉ်ရင် မတ်လ ၄ ရက်နေ့မှာ တရုတ်ရဲ့ ဒီဇယ်စျေးက ၁၃.၅ ရာခိုင်နှုန်း၊ 92-octane ဓာတ်ဆီစျေးက ၁၁ ရာခိုင်နှုန်း တက်လာကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































