ထောက်လှမ်းရေး သတင်းအချက်အလက် အဟောင်းတွေကို အားကိုးမိလို့ အမေရိကန်ဟာ အီရန် မိန်းကလေးကျောင်းကို မှားယွင်း တိုက်ခိုက်မိခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အစ္စရေးနဲ့ ပူးပေါင်းပြီး အမေရိကန်က အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ မီနက်ဘ် ဒေသထဲက ရှာဂျာရာ တေယီဘာ မိန်းကလေးကျောင်းကို ဒုံးကျည် ထိမှန်ပြီး ကလေး ၁၆၈ ဦးထက်မနည်းနဲ့ သင်ကြားရေးဝန်ထမ်း ၁၄ ဦး သေဆုံးခဲ့ကြောင်း အီရန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စာသင်ကျောင်းကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး အီရန်ကသာ မှားယွင်း ပစ်မှတ်ထားမိတာ ဖြစ်လိမ့်မယ်လို့ စွပ်စွဲခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ အီရန်တောင်ပိုင်းက စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွက် အမေရိကန်မှာ တာဝန်ရှိသလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က အဲဒီအကြောင်းတွေကို သူသေချာ မသိသေးဘူးလို့ ပြန်ဖြေခဲ့ပါတယ်။
ဒါပေမဲ့ အခုသီတင်းပတ်ထဲမှာတော့ စာသင်ကျောင်းနဲ့ မနီးမဝေးမှာရှိတဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) စခန်းကို အမေရိကန်ရဲ့ Tomahawk ဒုံးကျည် ထိမှန်တဲ့ မှတ်တမ်းဗီဒီယိုတွေ ထွက်ပေါ်လာပြီး မိန်းကလေးကျောင်းကို အမေရိကန်က မှားပစ်မိခဲ့တာ ဖြစ်နိုင်ကြောင်း ယူဆချက်တွေ ပိုမို အားကောင်းလာပါတယ်။

Public Service Announcement

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတဲ့ အမေရိကန် အရာရှိတွေရဲ့ ကနဦး တွေ့ရှိချက်တွေကို အခြေခံပြီး CNN သတင်းဌာနက အမေရိကန် စစ်တပ်ဟာ အိုဟောင်းနေတဲ့၊ တစ်နည်းအားဖြင့် လက်ရှိ အခြေအနေနဲ့ လျော်ညီအောင် ဖြည့်စွက်မထားတဲ့ စစ်ထောက်လှမ်းရေး အချက်အလက်နဲ့ ဓာတ်ပုံဟောင်းတွေကို မှားယွင်း အသုံးပြုမိပြီး မိန်းကလေးကျောင်းကို မတော်တဆ တိုက်ခိုက်မိခဲ့တာ ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေး စုံစမ်းထောက်လှမ်းမှု အေဂျင်စီ (DIA) ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ CNNရဲ့ သတင်းနဲ့ ပတ်သက်လို့ ငြင်းဆိုတာ၊ ဝန်ခံတာမျိုး မလုပ်ဘဲ လောလောဆယ်မှာ အဲဒီဖြစ်စဉ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး နောက်ထပ် မှတ်ချက်တွေ မပေးနိုင်သေးဘူးလို့ ပြောကြားသွားပါတယ်။
၂၀၁၃ ခုနှစ်တုန်းက ရိုက်ကူးထားခဲ့တဲ့ ဂြိုဟ်တု ဓာတ်ပုံအဟောင်းတွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီကျောင်းနဲ့ IRGC စစ်စခန်းဟာ ခြံဝင်းတစ်ခုမှာ အတူရှိနေခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၆ မှာတော့ ခြံစည်းရိုး ခတ်လိုက်ပြီး ကျောင်းနဲ့ စစ်စခန်းဟာ သီးခြားစီ ဖြစ်လာပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက ရိုက်ကူးထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေထဲမှာတော့ ကျောင်းဝင်းထဲမှာ ကျောင်းသူတွေလို့ ယူဆရသူ တော်တော်များများ ဆော့ကစားနေတာကို တွေ့ခဲ့ရပါတယ်။
အီရန် စာသင်ကျောင်း တိုက်ခိုက်ခံရမှုဟာ အမေရိကန်ရဲ့ မှားယွင်းတဲ့ ပစ်မှတ်ရွေးချယ်မှုကြောင့် ဖြစ်နိုင်ကြောင်း Reuters သတင်းဌာနက စတင်ဖော်ပြခဲ့ပြီး ဓာတ်ပုံနဲ့ အချက်အလက် အဟောင်းတွေကို သုံးမိလို့ ဒီအမှားမျိုး ကြုံလာတာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကိုတော့ New York Times သတင်းဌာနကပါ ဖော်ပြခဲ့ပါတယ်။
တကယ်လို့ အီရန် မိန်းကလေးကျောင်းကို အမေရိကန်က တိုက်ခိုက်ခဲ့တယ်ဆိုတာ သေချာသွားရင် နောက်ဆက်တွဲ အရေးကြီး မေးခွန်းတွေအဖြစ် ဒီလောက် ဆိုးရွားတဲ့ အမှားမျိုးကို ဘယ်အခြေအနေတွေက တွန်းပို့ခဲ့သလဲ ဆိုတာနဲ့ ဘယ်သူ့မှာ အဓိက တာဝန်ရှိသလဲ ဆိုတာတွေကို ဆက်ပြီး ဆန်းစစ်ဖို့ လိုလာမယ်လို့ CNNက ဆိုပါတယ်။
မတ်လ ၁၀ ရက်နေ့တုန်းကတော့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အမေရိကန်ဟာ ဖြစ်စဉ် တစ်ခုလုံးကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းနေကြောင်း ပြောကြားခဲ့ပြီး အီရန်စစ်ပွဲမှာ အရပ်သားတွေ သေဆုံးမှုကို ရှောင်ရှားဖို့ အမေရိကန်က ဖြစ်နိုင်သမျှ နည်းလမ်းတွေကို အသုံးပြုနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ကတော့ စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ သိမ်းကြုံးတိုက်ခိုက်မှုတွေ လုပ်နေကြောင်း ဟက်ဂ်ဆက်သ်က စွပ်စွဲသွားခဲ့ပါတယ်။
ကိုးကား: CNN
ဓာတ်ပုံ – Getty Images, AP




















































