အီရန်စစ်ပွဲမှာ အမေရိကန် အနိုင်မရသေးဘဲ ဆက်ပြီး တိုက်နေရဆဲလို့ ဖော်ပြမှု မှန်သမျှဟာ သတင်းတု၊ သတင်းမှားတွေလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ထရမ့်က အမေရိကန်ဟာ အီရန်စစ်ပွဲမှာ အနိုင်ရနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် စစ်ပွဲက ဘယ်တော့မှ ရပ်တန့်သွားမှာလဲ ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးဘူးလို့ မတ်လ ၂၄ ရက်နေ့မှာ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ စစ်ပွဲကို ရပ်နိုင်မယ်လို့ သူထင်ကြောင်း၊ ဘယ်အချိန်လဲ ဆိုတာသာ အတိအကျ မပြောနိုင်တာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ စစ်ပွဲမှာ အမေရိကန်က အနိုင်ရထားပြီး ဖြစ်ကြောင်း၊ သတင်းတု သတင်းမှားတွေကသာ အမေရိကန် မနိုင်သေးဘဲ စစ်က ဆက်ဖြစ်နေဆဲ ဆိုတာမျိုး ဖော်ပြနေကြတာဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး မီဒီယာတွေဆီ ထရမ့်က ပြောဆိုတဲ့ စကားတွေဟာ ရှေ့နောက် မညီညွတ်ဘဲ မျက်စိလည်စရာတွေလည်း ခဏခဏ ဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့တည်းမှာတင် ထရမ့်ပြောတဲ့ စကားတွေထဲမှာ စစ်ပြေငြိမ်းရေးအတွက် ဆွေးနွေးနေကြပြီ ဆိုတာမျိုး ပါဝင်သလို အမေရိကန်က နောက်ထပ် တိုက်ခိုက်မှု အသစ်တွေ လုပ်လာနိုင်ကြောင်း မှတ်ချက်မျိုးတွေကိုလည်း ကြားလာရပြန်ပါတယ်။

Public Service Announcement
မတ်လ ၂၄ ရက်နေ့မှာတော့ ထရမ့်က အီရန်အပေါ် စစ်ရေးအရ အသာစီးရမှုဟာ ပိုင်ပိုင်နိုင်နိုင် အခြေအနေမျိုး ရောက်နေပြီလို့ ပြောသွားပါတယ်။ တဟီရန်မြို့တော်နဲ့ တခြားမြို့တွေမှာ အမေရိကန် စစ်လေယာဉ်တွေ ဝဲပျံနေတာကို အီရန်က ဘာမှ မလုပ်နိုင်၊ မတုံ့ပြန်နိုင်တော့ကြောင်း သူက ဆိုပါတယ်။
ထရမ့်က အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီနဲ့ တခြား အီရန် ခေါင်းဆောင်တွေ အများအပြား သေဆုံးခဲ့ခြင်းဟာ အစိုးရ အပြောင်းအလဲ ဖြစ်သွားတာလို့ ယူဆနိုင်ကြောင်းလည်း ပြောပါတယ်။ အစိုးရ ပြောင်းတယ်လို့ ကျိန်းသေ ပြောနိုင်ကြောင်း၊ လက်ရှိ အီရန် ခေါင်းဆောင်ပိုင်းဟာ စစ်ပွဲမစခင်ကနဲ့ ယှဉ်ရင် အများကြီး ပြောင်းလဲသွားပြီဖြစ်ကြောင်း ထရမ့်က ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိ အီရန်ကို ဦးဆောင်နေ၊ ထိန်းချုပ်နေတဲ့ အစုအဖွဲ့နဲ့ မူဝါဒတွေကတော့ ပြောင်းလဲမသွားပါဘူး။
အီရန် အစိုးရကတော့ ကွယ်လွန်သူ အဓိပတိကြီး ခါမေနီရဲ့ သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီကို နိုင်ငံရဲ့ အဓိပတိအသစ်အဖြစ် ခန့်အပ်ကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ မော့ဂျ်တာဘာဟာ အဓိပတိအသစ် ဖြစ်လာပြီးနောက်ပိုင်း လူမြင်ကွင်းရှေ့ ထွက်ပေါ်လာတာမျိုး မရှိသေးပါဘူး။
ကိုးကား: The Hill


















































