အစိုးရက မဟာဗျူဟာ အရန်ဆီအဖြစ် သိုလှောင်ထားတဲ့ ရေနံတွေကို စတင်ဖြန့်ဝေပေးနေကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ခေတ်မီတိုးတက်မှု အားအကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်ပေမယ့် သဘာဝ သယံဇာတ ရှားပါးလွန်းတဲ့ နိုင်ငံဟာ လက်ရှိ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် လောင်စာဆီ အကန့်အသတ်ဖြစ်ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်နိုင်ခြေကို ရင်ဆိုင်နေရတဲ့အတွက် အစိုးရက ရေနံတွေ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဂျပန်ဟာ ကမ္ဘာပေါ်မှာ ရေနံတင်သွင်းမှု ပဉ္စမ အများဆုံး နိုင်ငံဖြစ်ပြီး အဲဒီထဲကမှာ ၉၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်း ဒေသဆီကနေ ဝယ်ယူနေပါတယ်။ အီရန်ဟာ စစ်ပွဲကြောင့် ဟောမုဇ် ရေလက်ကြားကို ပိတ်ချထားလိုက်တဲ့အခါ အရှေ့အလယ်ပိုင်း ဒေသက ရေနံတွေ ပြည်ပကို တင်ပို့ရောင်းချနိုင်စွမ်းက အကြီးအကျယ် ကျဆင်းသွားပါတယ်။
မတ်လ ၂၆ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ ဝန်းကျင်မှာ အစိုးရ အပိုဆောင်း သိုလှောင်ထားတဲ့ ရေနံတွေကို ရေနံချက် စက်ရုံတွေဆီ လွှဲပြောင်းပေးမှု စတင်ခဲ့တယ်လို့ ဂျပန်ရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီးဌာန အရာရှိ တစ်ဦးက AFPကို ပြောကြားခဲ့ပါတယ်။

Public Service Announcement
အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ မီနိုရူ ကီဟာရာကလည်း အစိုးရ အပိုဆောင်း သိုလှောင်ထားတဲ့ ရေနံပမာဏထဲက ထက်ဝက်လောက်ကို ရေနံချက် စက်ရုံ ၄ ခုဆီကို ခွဲဝေ ပို့ဆောင်မယ်လို့ အတည်ပြုခဲ့ပါတယ်။
မတ်လ ၂၅ ရက်နေ့ထိ အခြေအနေအရ ဂျပန်နဲ့ ဆက်စပ်တဲ့ ရေနံတင် သင်္ဘောတွေ အပါအဝင် ရေယာဉ် ၄၅ စီးဟာ ဟောမုဇ် ရေလက်ကြားနားက ပါရှန်းပင်လယ်ကွေ့မှာပဲ ရပ်နားထားရပြီး ပိတ်မိနေဆဲလို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။
အီရန်က ရန်သူမဟုတ်တဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို ကန့်သတ်စိစစ်ပြီး ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့် ပြုမယ်လို့ ပြောထားပေမယ့် အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်အပေါ် ဘယ်လို သဘောထားမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကိုးကား: AFP


















































