ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့တဲ့ စစ်ဆင်ရေးတွေကို အဓိက ကွပ်ကဲနေတဲ့ အီရန် ရေတပ် အကြီးအကဲကို လုပ်ကြံရှင်းလင်းလိုက်ကြောင်း အစ္စရေးက ထုတ်ပြန်ပါတယ်။
အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ အကြီးအကဲ အလီရက်ဇာ တန်စီရီဟာ အစ္စရေးရဲ့ ပစ်မှတ်တိကျတဲ့ တိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားကြောင်း ဖော်ပြခဲ့ပါတယ်။
မတ်လ ၂၅ ရက်နေ့ ညပိုင်းတုန်းက တိကျပြီး ပြင်းထန်ထိရောက်တဲ့ စစ်ဆင်ရေး တစ်ခုကို ဆင်နွှဲခဲ့ကြောင်း၊ အဲဒီ တိုက်ခိုက်မှုဟာ အီရန် ရေတပ်ဖွဲ့ရဲ့ ထိပ်ပိုင်း အရာရှိတွေကို ပစ်မှတ်ထားခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကက်ဇ်က ပြောပါတယ်။
ပြီးတော့ ဟောမုဇ် ရေလက်ကြားထဲမှာ ရေမြှုပ်မိုင်းတွေထောင်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ လုပ်ရပ်အတွက် အဓိက တာဝန်ရှိတဲ့သူဟာလည်း တစ်စစီ ဖြစ်ပြီး ရှင်းလင်းသုတ်သင် ခံလိုက်ရပြီလို့ ကက်ဇ်က ဆိုပါတယ်။

Public Service Announcement
အီရန်ဖက်ကတော့ IRGC ရေတပ်အကြီးအကဲ တန်စီရီ သေဆုံးသွားတယ်ဆိုတဲ့ အစ္စရေးရဲ့ ထုတ်ပြန်ချက်ကို အတည်မပြုသေးပါဘူး။ တန်စီရီဟာ စကားကို တည့်တိုးပြောဆိုတတ်ပြီး အစ္စရေးနဲ့ အမေရိကန်အပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်လေ့ရှိသူ ဖြစ်ပါတယ်။ သူဟာ IRGC ရေတပ်ကို ၂၀၁၈ ခုနှစ် ကတည်းက ဦးဆောင်နေခဲ့သူပါ။
စစ်ပွဲကာလအတွင်း အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ချလိုက်တဲ့အခါ အဲဒီရေလမ်းကြောင်းကနေ ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ကြားဖြတ်ဟန့်တား တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို IRGC ရေတပ်က အဓိက ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
အီရန်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိပ်ဆုံးအဆင့် စစ်ဘက်နဲ့ အရပ်ဖက် အရာရှိတွေ အများအပြား သေဆုံးမှုကို ကြုံတွေ့ထားရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစ္စရေးဟာ အီရန်ရဲ့ ရေတပ်အရင်းအမြစ်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကိုလည်း ပိုမို အာရုံစိုက် လုပ်ဆောင်လာနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ကက်စ်ပီယန် ပင်လယ်မှာ ရှိနေတဲ့ အီရန် ရေတပ်သင်္ဘော တချို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Al Jazeera


















































