ယာဉ်မတော်တဆမှု တစ်ခုအပြီးမှာ မူးယစ်ပြီး မောင်းနှင်မှု သံသယ ဖြစ်စရာ အခြေအနေအတွက် အဖမ်းခံခဲ့ရတဲ့ ကမ္ဘာကျော် ဂေါက်သီးအားကစား အကျော်အမော်ဟောင်း တိုက်ဂါးဝုဒ်စ်ကို ရဲတွေက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
မတ်လ ၂၇ ရက်နေ့တုန်းက ဝုဒ်စ်ရဲ့ Land Rover မော်တော်ကားဟာ နောက်တွဲယာဉ်ပါတဲ့ ပစ်ကပ်ကား တစ်စီးကို ကျော်တက်ဖို့ ကြိုးစားရာက ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဘေးစောင်း တိမ်းမှောက်သွားပါတယ်။ အထင်ကရ ပြိုင်ပွဲကြီးတွေမှာ ဆု ၁၅ ကြိမ် ရခဲ့ဖူးတဲ့ ဝုဒ်စ်ကတော့ အဲဒီဖြစ်စဉ်မှာ အထိအခိုက် မရှိခဲ့ပါဘူး။
နောက်တော့ ရဲတွေက သူ့ကို စုံစမ်းမေးမြန်းပြီး မူးယစ်ဆေးနဲ့ အရက်သေစာ သောက်စား သုံးစွဲထားခြင်း ရှိမရှိ စစ်ဆေးဖို့ ဆီးနမူနာ တောင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ဝုဒ်စ်က ငြင်းဆိုခဲ့တဲ့နောက် သူ့ကို ရဲစခန်း တစ်ခုရဲ့ အချုပ်ခန်းထဲမှာ ၈ နာရီလောက် ထိန်းသိမ်းထားခဲ့ပါတယ်။ အရက်နဲ့ မူးယစ်ဆေး သောက်စားသုံးစွဲမှု ရှိမရှိကို လေမှုူတ်သွင်းပြီး စစ်ဆေးတဲ့ ကိရိယာမှာတော့ ဝုဒ်စ်ဟာ မူးယစ်နေတာမျိုး မရှိခဲ့ဘူးလို့ အဖြေထွက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေကတော့ ဝုဒ်စ်ဟာ မူမမှန်တာ တစ်ခုခု သုံးစွဲထားတယ်လို့ သံသယ ရှိတာကြောင့် ဆီးစစ်ဖို့ တောင်းဆိုခဲ့တာလို့ ပြောပါတယ်။
မတ်လ ၂၈ ရက် မနက်အစောပိုင်းမှာတော့ ဝုဒ်စ်ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ မာတင်ကောင်တီ ခရိုင် ရဲတပ်ဖွဲ့ရုံးက အတည်ပြုခဲ့ပါတယ်။ ဝုဒ်စ်ဟာ ပိုင်ဆိုင်မှုတွေ ထိခိုက် ပျက်စီးစေမှု၊ တရားဥပဒေနဲ့အညီ စစ်ဆေးမှု တစ်ခုကို ငြင်းဆိုမှုတွေအတွက် စွဲချက်တင် ခံခဲ့ရပါတယ်။ အဲဒီ ပြစ်ချက်တွေဟာ ရာဇဝတ် ပုဒ်မတွေတော့ မဟုတ်ပါဘူး။

Public Service Announcement
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝုဒ်စ်ရဲ့ ယာဉ်မတော်တဆမှု သတင်းကို ကြားခဲ့တဲ့နောက် ဝုဒ်စ်အတွက် သူစိတ်မကောင်းကြောင်း၊ သူတို့နှစ်ဦးက ရင်းနှီးကြကြောင်း၊ ဝုဒ်စ်ဟာ လူတော်လူကောင်း တစ်ယောက်ဖြစ်ပြီး အခက်အခဲ တချို့ကိုတော့ ရင်ဆိုင် ဖြတ်သန်းနေရကြောင်း ပြောကြားသွားပါတယ်။ ဝုဒ်စ်ဟာ လောလောဆယ်မှာ ထရမ့်ရဲ့ ချွေးမဟောင်း ဗင်နက်ဆာ ထရမ့်နဲ့ တွဲနေပါတယ်။ ဗင်နက်ဆာဟာ ထရမ့်ရဲ့သား ဒွန်ဂျူနီယာ ထရမ့်နဲ့ အိမ်ထောင်ကျခဲ့ဖူးပါတယ်။
အသက် ၅၀ အရွယ် ဝုဒ်စ်ဟာ အောက်တိုဘာလမှာ ကျောဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့တဲ့နောက် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေမှာ ပြန်လည် ပါဝင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဧပြီ ၉ ရက်မှာ ကျင်းပမယ့် Augusta National ပြိုင်ပွဲမှာ ဝုဒ်စ်ပါဝင်ယှဉ်ပြိုင်နိုင်ခြေ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ထရမ့်ကတော့ ဒီကိစ္စ မဖြစ်နိုင်ဘူးလို့ သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။
ကိုယ်တိုင်က ဂေါက်ဝါသနာအိုး တစ်ဦးဖြစ်တဲ့ ထရမ့်က ဝုဒ်စ်ကို သူသဘောကျကြောင်း၊ ဒါပေမဲ့ Augusta Nationalမှာ ဝုဒ်စ်ကို တွေ့ရမယ်လို့တော့ မမျှော်လင့်ကြောင်း၊ ဝုဒ်စ်ဟာ အဲဒီပြိုင်ပွဲကို ရောက်လာခဲ့မယ် ဆိုရင်တောင်မှ ပွဲကြည့်ပရိသတ်သာ ဖြစ်နိုင်ပြီး ယှဉ်ပြိုင်သူ တစ်ဦးတော့ အနေနဲ့တော့ မဟုတ်လောက်ဘူးလို့လည်း ပြောကြားသွားပါတယ်။
ကိုးကား: Independent




















































