Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟန်ဂေရီကို ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့၊ရုရှားနဲ့နီးစပ်သူဝန်ကြီးချုပ် အော်ဘန် ရွေးကောက်ပွဲ ရှုံးနိမ့်

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သူတို့ လုပ်နိုင်ခဲ့ပြီလို့ အသက် ၄၅ နှစ်အရွယ် ပီတာ မက်ဂ်ယာက ဘူဒါပက်စ် မြို့တော်ရဲ့ ဒနူဘီ မြစ်ကမ်းနံဘေးက ရင်ပြင်မှာ ဧပြီ ၁၂ ရက်နေ့တုန်းက အားပေး ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။ လူထုရဲ့ အားနဲ့အတူ ဟန်ဂေရီကို လူတစ်ဦးတည်း ကြီးစိုးနေမှုကနေ လွတ်မြောက်စေခဲ့ပြီလို့ သူက ပြောပါတယ်။

မက်ဂ်ယာဟာ အရင်က အော်ဘန်ရဲ့ ပါတီထဲက အတွင်းလူတစ်ဦး ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ ဟန်ဂေရီ ဝန်ကြီးချုပ် အော်ဘန်ကို စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မဲအားလုံးရဲ့ ၉၈ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာတော့ မက်ဂ်ယာရဲ့ တစ္စဇာ ပါတီဟာ အမတ်နေရာ ၁၃၈ ခုထက်မနည်း ရရှိဖို့ ကျိန်းသေသလောက် ဖြစ်နေပြီး အော်ဘန်ရဲ့ ဖီဒက်စ်ဇ်ပါတီက ၅၅ နေရာနဲ့ လက်ယာစွန်း Our Homeland ပါတီက ၆ နေရာသာ ရရှိထားပါတယ်။

Public Service Announcement

Public Service Announcement

မက်ဂ်ယာဟာ ၂ နှစ်လောက် အတောအတွင်း လှည်းနေလှေအောင်း မြင်းစောင်းမကျန် လူထုကို တက်တက်ကြွကြွ စည်းရုံးရေး ဆင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် ခရိုနီ ကြီးစိုးမှုနဲ့ အစိုးရ ဌာနတွေရဲ့ အဂတိ ကိစ္စတွေအပေါ် စိတ်ကုန်နေပြီး အပြောင်းအလဲကို လိုချင်နေတဲ့ လူတန်းစားတွေဟာ မက်ဂ်ယာရဲ့ မဲဆန္ဒရှင်တွေ ဖြစ်လာကြပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၇၉.၅ ရာခိုင်နှုန်းထိ မဲပေးခဲ့ကြပါတယ်။ ဒါဟာ ဟန်ဂေရီရဲ့ ဒီမိုကရေစီ သမိုင်းကြောင်းမှာ မကြုံဖူးလောက်အောင် များပြားတဲ့ မဲပေးမှု အချိုးအစား ဖြစ်တယ်လို့ မက်ဂ်ယာက ကြွေးကြော်ခဲ့ပါတယ်။

အော်ဘန်ဟာ ရွေးကောက်ပွဲ ၄ ခုဆက်တိုက် အနိုင်ရခဲ့ဖူးပြီး သူ့ရဲ့ အာဏာကို ခိုင်မာအောင် တည်ဆောက်ယူနိုင်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အလဲထိုး ခံလိုက်ရတာ ဖြစ်ပါတယ်။

ဟန်ဂေရီမှာ အရေးပါတဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ဆိုရင် ပါတီတစ်ခုဟာ လွှတ်တော် အမတ်နေရာ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံ ကျော်လွန်တဲ့ အနည်းဆုံး ၁၃၃ နေရာကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ တစ္စဇာ ပါတီကတော့ အမတ်နေရာ ၁၃၈ ခုထိ ရရှိဖို့ သေချာသလောက် ဖြစ်နေတာပါ။

ယူကရိန်း စစ်ပွဲကြောင့် ဥရောပ နိုင်ငံအများစုဟာ ရုရှားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပေမယ့် အော်ဘန်ကတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် သူဟာ ဥရောပ သမဂ္ဂ (EU)ထဲမှာ လူကြိုက်မများတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ ရုရှားကို အထိနာစေပြီး ယူကရိန်းအတွက် အကျိုးရှိစေမယ့် EUရဲ့ ဆုံးဖြတ်ချက် တချို့ကိုလည်း ဝင်ရောက် ကန့်ကွက်ခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲမှာ အော်ဘန်အရေးနိမ့်ဖို့ သေချာသွားတဲ့နောက် မက်ဂ်ယာကို ထောက်ခံသူတွေက ရုရှားတွေ အိမ်ပြန်ကြတော့လို့ အော်ဟစ် လှောင်ပြောင်ခဲ့ကြပါတယ်။ မက်ဂ်ယာရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိတွေထဲမှာတော့ EUနဲ့ ဆက်ဆံရေးကို သိသိသာသာ မြှင့်တင်သွားမယ် ဆိုတာလည်း ပါရှိခဲ့ပါတယ်။

မက်ဂ်ယာက သူသာ ဝန်ကြီးချုပ်သစ် ဖြစ်လာရင် ပထမဆုံး သွားရောက်မည့် ပြည်ပ ခရီးစဉ်ဟာ ပိုလန်နိုင်ငံ၊ ဝါဆောမြို့တော်ဆီ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ ပိုလန်နဲ့ ဟန်ဂေရီတို့ကြားက နှစ် ၁၀၀၀ လောက် တည်တံ့ခဲ့တဲ့ ခင်မင်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တည်ဆောက်လိုတယ်လို့ သူက ဆိုပါတယ်။

ရွေးကောက်ပွဲမှာ စိတ်ပျက်စရာ ရလဒ်မျိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် အသက် ၆၂ နှစ်အရွယ် အော်ဘန်ကတော့ ပါတီ အကြီးအကဲ နေရာက မနုတ်ထွက်သေးပါဘူး။ နောက်ပြီး သူမရှိတဲ့ ဖီဒက်စ်ဇ်ပါတီရဲ့ အနာဂတ်ကလည်း စိတ်ကူးကြည့်ဖို့ ခက်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

သူဟာ ရုရှားနဲ့ နီးစပ်ခဲ့သလို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဆီက ထောက်ခံမှုကိုလည်း ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ကိုယ်တိုင် ဘူဒါပက်စ်ကို ရောက်ရှိလာခဲ့ပြီး အော်ဘန်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အနေနဲ့ ဟန်ဂေရီ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဘယ်သူနဲ့မဆို လက်တွဲ အလုပ်လုပ်မှာ ဖြစ်တယ်လို့လည်း ဗန့်စ်က မှတ်ချက်ပေးထားခဲ့ပါတယ်။

အော်ဘန်ရဲ့ ဝန်ကြီးချုပ် သက်တမ်းဟာ အဆုံးသတ်တော့မှာ ဖြစ်ပေမယ့် အစိုးရသစ် ကျမ်းသစ္စာ မကျိန်ဆိုမီ အတောအတွင်းမှာတော့ သူဟာ အိမ်စောင့်အစိုးရကို ယာယီ ဆက်လက်ဦးဆောင်နေမယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images, Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ စစ်တပ်ဝါဒဖြန့်မှုသတိထားရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။