အီရန် ဆိပ်ကမ်းတွေကို ပစ်မှတ်ထားတဲ့ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုကို အမေရိကန်က စတင်ခဲ့တဲ့နောက် အီရန်ကလည်း လက်စားချေ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန် စစ်တပ်ဟာ အီရန်ကမ်းလွန်မှာ ရှိနေတဲ့ နိုင်ငံတကာ စွမ်းအင် တင်ပို့ရေးအတွက် အသက်သွေးကြော ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ဧပြီ ၁၃ ရက်နေ့မှာ စတင် ပိတ်ဆို့ခဲ့ပါတယ်။ အမေရိကန်ကတော့ အဲဒီ ပိတ်ဆို့မှုဟာ ရေလက်ကြားကို ဖြတ်သန်းပြီး အီရန် ဆိပ်ကမ်းတွေဆီ သွားရောက်တဲ့ ရေယာဉ်တွေနဲ့ ရေနံတင် သင်္ဘောတွေကိုပဲ ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား ပါကစ္စတန် နိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင်ဘဲ အဆုံးသတ်သွားတဲ့နောက် ထရမ့်က ဟောမုဇ်ကို အမေရိကန်က ပိတ်ဆို့ထားစေဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
တခြားတစ်ဖက်မှာတော့ အမေရိကန်ဟာ ငြိမ်းချမ်းရေး သဘောတူညီမှုတစ်ခု ရယူနိုင်ဖို့အတွက် အီရန်နဲ့ နောက်ဆက်တွဲ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။

Public Service Announcement
ထရမ့်က ဟောမုဇ်ကို အမေရိကန် ပိတ်ဆို့မှုမှာ အီရန်ဆီ အဝင်အထွက် လုပ်ခဲ့တဲ့ ရေယာဉ်တွေသာ မကဘဲ ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အီရန်ဆီ ငွေကြေးပေး ညှိနှိုင်းခဲ့တဲ့ ရေယာဉ်တွေလည်း အကျုံးဝင်မှာ ဖြစ်ကြောင်း သတိပေးထားသလို အမေရိကန် ရေတပ် ပိတ်ဆို့ထားရာ ဇုန်တွေနား ချဉ်းကပ်လာတဲ့ အီရန်ရဲ့ တိုက်ခိုက်ရေး လှေငယ်တွေကိုလည်း ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အီရန်ရဲ့ အကြီးစား စစ်သင်္ဘော အားလုံးနီးပါးကတော့ အမေရိကန်နဲ့ အစ္စရေးရဲ့ ဗုံးကြဲမှုတွေအတွင်း ပျက်စီးသွားခဲ့ပြီး ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အီရန်က ဟောမုဇ် ရေလက်ကြားမှာ အီရန်နဲ့ ဆက်စပ်တဲ့ သင်္ဘောတွေ တိုက်ခိုက်ခံရမယ်ဆိုရင် လက်တုံ့ပြန်မှာ ဖြစ်သလို ဒေသတွင်း အမေရိကန် မဟာမိတ် အိမ်နီးချင်း နိုင်ငံတွေရဲ့ ဆိပ်ကမ်းတွေကိုပါ ပစ်မှတ်ထားမှုတွေ ရှိလာနိုင်ကြောင်း တုံ့ပြန်ထားပါတယ်။
အီရန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးချုပ် ရက်ဇာ တာလိုင်နစ်ခ်ကတော့ အီရန် ကမ်းလွန်မှာ ရှိနေတဲ့ ရေလက်ကြားကို တခြားနိုင်ငံတွေက လာရောက် စောင့်ကြပ် ထိန်းချုပ်ထားတာမျိုးက လက်ရှိ အကျပ်အတည်းကို ပိုဆိုးသွားစေပြီး နိုင်ငံတကာ စွမ်းအင် ဖူလုံရေး ကဏ္ဍအပေါ် အကြီးအကျယ် ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
အမေရိကန်က ရေလက်ကြားကို စတင်ပိတ်ဆို့တဲ့ ဧပြီ ၁၃ ရက်နေ့မှာ အီရန်ဖက်က ဆက်သွယ်လာပြီး သဘောတူညီမှု တစ်ခုခု ရယူဖို့ အားထုတ်ခဲ့ပေမယ့် အီရန်မှာ နျူကလီးယား စီမံကိန်းတစ်ခု အသက်ဝင်နေသ၍ သူကတော့ ဘယ်လို သဘောတူညီမှုကိုမှ လက်ခံမှာ မဟုတ်ကြောင်း ထရမ့်က ပြောပါတယ်။
အီရန်မှာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်လာတာမျိုး လုံးဝ အဖြစ်မခံနိုင်ဘူးလို့ ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ နိုင်ငံတစ်ခုက ကမ္ဘာကြီးကို ခြိမ်းခြောက် အကျပ်ကိုင်နေတာ၊ ငွေညှစ်နေတာတွေကို ခွင့်ပြုထားလို့ မရဘူးလို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ နှစ်ပတ်ကြာ အပစ်ရပ်ထားပေမယ့် ဆွေးနွေးမှုတွေ မအောင်မြင်ခဲ့တာရယ်၊ ဟောမုဇ်ကို အမေရိကန်က ပိတ်ဆို့လိုက်တာရယ်ကြောင့် တိုက်ပွဲတွေ ပြန်စလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အီရန်က အမေရိကန် စစ်သင်္ဘောတွေ ဟောမုဇ်ကို ရောက်ရှိလာခြင်းဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အတိအလင်း ချိုးဖောက်ရာ ရောက်တယ်လို့လည်း စွပ်စွဲထားပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – U.S. Central Command Public Affairs, Reuters, Getty



















































