မေ – ၈ ၊၂၀၂၆
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုအရ ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရတွေကြား ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး ညှိနှိုင်း ဆောင်ရွက်ကြဖို့ သဘောတူခဲ့ပါတယ်။
မေလ ၇ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့တဲ့နောက် နှစ်ဖက် တင်းမာမှုတွေကို လျှော့ချဖို့နဲ့ ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး လမ်းကြောင်းအတွက် မူကြမ်း ရေးဆွဲမှုတွေ ညှိနှိုင်း အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။
စီဘူးမြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံကို လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ်က ကမကထ ပြုခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement
နှစ်ဖက် ဆွေးနွေးမှုတွေ အပြီးမှာတော့ အနူတင်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေကို တိုးမြှင့်ဖို့၊ ဖြစ်နိုင်ခြေရှိတဲ့ ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို ချက်ချင်း ပြန်လည် စတင်ဖို့၊ ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ သဘောတူခဲ့ကြကြောင်း အနူတင်က ဆိုပါတယ်။
သူက အာဆီယံရဲ့ ကြားဝင် ညှိနှိုင်းပေးတဲ့ အစည်းအဝေးဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက ကုန်းမြေနဲ့ ရေပြင် နယ်စပ်ကိစ္စတွေလည်း ပါဝင်ခဲ့ကြောင်း၊ အဲဒီအပိုင်းတွေကို နှစ်နိုင်ငံ နောက်ဆက်တွဲ ဆွေးနွေးကြမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကောက်ယူထားတဲ့ လူထုအမြစ် စစ်တမ်းတစ်ခုမှာလည်း ပါဝင်ဖြေဆိုသူ အများစုက အစိုးရ အနေနဲ့ ကမ္ဘောဒီးယားနဲ့ လုံခြုံရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စတွေအတွက် သဘောတူညီမှုတွေ ပြန်လည်ရယူဖို့ စဉ်းစားသင့်ကြောင်း ထောက်ခံထားခဲ့ကြပါတယ်။
King Prajadhipok’s Instituteက ဧပြီလကုန်မှာ အသက် ၁၈ နှစ်အထက် စစ်တမ်းဖြေဆိုသူ ၂,၀၀၀ လောက်ကို သဘောထား အမြင်တွေ မေးမြန်းခဲ့ရာမှာ ၄၀.၉ ရာခိုင်နှုန်းက အစိုးရ အနေနဲ့ ကမ္ဘောဒီးယားနဲ့ ဆက်ဆံရေး ပြန်လည် ညှိနှိုင်းမှုတွေကို ဦးစားပေး ကိုင်တွယ်သင့်ကြောင်း ဖြေကြားခဲ့ပါတယ်။ ပြန်လည် သုံးသပ်ပြင်ဆင်မှုတွေ လိုအပ်ကြောင်း လူထုက ထောက်ပြခဲ့တဲ့ နောက်ထပ် ကဏ္ဍတွေကတော့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်တဲ့ ဗီဇာ မူဝါဒတွေနဲ့ နိုင်ငံရဲ့ စစ်မှုမထမ်းမနေရ စနစ်တို့ပဲ ဖြစ်ပါတယ်။
ထိုင်းအစိုးရဟာ မကြာသေးခင်ကတော့ ကမ်းလွန်ရေပြင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့သိုက်တွေ ရှာဖွေရေးမှာ ရေပိုင်နက်ကိစ္စ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးဆောင်ရွက်ဖို့ ကမ္ဘောဒီးယားနဲ့ သဘောတူညီမှု တစ်ခုကို တစ်ဖက်သတ် ရုပ်သိမ်းခဲ့ပါတယ်။
အဲဒီ သဘောတူညီမှုဟာ သက်တမ်း ၂၅ နှစ်လောက် တည်တံ့ခဲ့ပေမယ့် ထိရောက်တဲ့ အကျိုးရလဒ်တွေ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းက ပယ်ဖျက်ခဲ့တာပါ။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး မနှစ်တုန်းက စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ လကုန်ကစလို့ နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲထားပြီး အခုအခါမှာတော့ ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး လမ်းကြောင်းဆီ ပြန်လည် ဦးတည်လာကြတာ ဖြစ်ပါတယ်။
ကိုးကား – Thai Enquirer


















































