အီရန်ရဲ့ ဒုံးကျည် တိုက်ခိုက်ရေး စွမ်းရည်ဟာ စစ်ပွဲအတွင်းမှာ ကြီးကြီးမားမား ထိခိုက်မှု မရှိဘဲ အားကောင်းကောင်းနဲ့ ဆက်လက် တည်တံ့နေဆဲလို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက ယုံကြည်နေကြောင်း သိရပါတယ်။
အမေရိကန် ထောက်လှမ်းရေး အရာရှိတွေက လွှတ်တော် အမတ်တွေဆီ အခုလ အစောပိုင်းတုန်းက အစီရင်ခံ တင်ပြခဲ့ရာမှာ အီရန်ရဲ့ ဒုံးကျည်တွေ ဖြန့်ကျက်ထားမှု ကွန်ရက်ဟာ ပုံစံမပျက် အခိုင်အမာ ဆက်ရှိနေဆဲလို့ ယူဆရကြောင်း ပါရှိခဲ့ပါတယ်။
အဲဒီ အစီရင်ခံချက်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရက ပုံဖော်ထားတဲ့ အခြေအနေတွေနဲ့ အကြီးအကျယ် ကွာဟနေတဲ့ သဘောပါ။ ထရမ့်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုတွေကြောင့် အီရန်စစ်တပ်ဟာ အကြီးအကျယ် ချိနဲ့နေပြီး အီရန်ရဲ့ ဒုံးကျည်စွမ်းရည်တွေကလည်း လုံးဝဥဿုံနီးပါး ပျက်သုဉ်းနေပြီလို့ အခိုင်အမာ ပြောကြားထားပါတယ်။
လက်ရှိမှာတော့ အီရန်နဲ့ အမေရိကန်တို့ဟာ ဧပြီလ ၈ ရက်နေ့ ကတည်းက ရရှိထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ဆက်လက် ထိန်းသိမ်းထားဆဲပါ။ စစ်ပွဲကာလ အတွင်းမှာတော့ အီရန်ဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေကို အသုံးပြုပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် စစ်စခန်းတွေ၊ အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေကို တိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement
New York Times သတင်းဌာနကတော့ မေလဆန်းမှာ လွှတ်တော် အမတ်တွေဆီ တင်ပြခဲ့တဲ့ ထိပ်တန်း လျှို့ဝှက်အဆင့် ထောက်လှမ်းရေး အချက်အလက်တွေကို ရရှိခဲ့ကြောင်း၊ အီရန်ရဲ့ ဒုံးကျည်စခန်း အများစုဟာ အခိုင်အမာ ဆက်လက် တည်ရှိနေဆဲဆိုတာ အဲဒီ အစီရင်ခံ တင်ပြချက်တွေမှာ ထည့်သွင်းရေးသားထားကြောင်း ဖော်ပြခဲ့ပါတယ်။
ပိုပြီး စိုးရိမ်စရာ အခြေအနေအဖြစ် ဟောမုဇ် ရေလက်ကြားတလျှောက် တည်ဆောက်ထားတဲ့ အီရန်ရဲ့ ဒုံးကျည်စခန်း ၃၃ ခုထဲမှာ ၃၀ ဟာ ပုံမှန် လည်ပတ်နေနိုင်ဆဲလို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက တင်ပြထားကြောင်း New York Timesက ဆိုပါတယ်။
အီရန်ရဲ့ ဒုံးကျည်စခန်းတွေဟာ အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အတိုင်းအတာ ပမာဏအမျိုးမျိုး ထိခိုက် ပျက်စီးမှုတွေ ကြုံခဲ့ပေမယ့်လည်း အီရန်ဟာ ရွှေ့ပြောင်းနိုင်တဲ့ ဒုံးကျည်စနစ်တွေကို နေရာတွေ လှည့်ပတ် ပြောင်းလဲပြီး အဖိတ်အစဉ်နည်းအောင် စီမံနိုင်ခဲ့တယ်လို့ ထောက်လှမ်းရေး ဌာနတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက New York Timesကို ပြောကြားခဲ့ပါတယ်။
ဟောမုဇ် ရေလက်ကြား တလျှောက်မှာရှိတဲ့ အီရန် ဒုံးကျည်စခန်း ၃ ခုတည်းပဲ လုံးဝဥဿုံ ပျက်စီးခဲ့ကြောင်း၊ တစ်နည်းအားဖြင့် အဲဒီ မဟာဗျူဟာ ရေလမ်းကြောင်းကို ဖြတ်သန်း ခုတ်မောင်းတဲ့ ရေယာဉ်မှန်သမျှ အီရန်ရဲ့ ခြိမ်းခြောက်မှုကို ကြီးကြီးမားမား ကြုံနေရဆဲဖြစ်ကြောင်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
ဒါ့အပြင် အီရန်ဟာ ထရပ်ကားတွေပေါ် တင်ထားတဲ့ ရွေ့လျား ဒုံးကျည် ပစ်စင်တွေရဲ့ စုစုပေါင်း ၇၀ ရာခိုင်နှုန်းလောက်ကို ဆက်လက် ပိုင်ဆိုင်ထားပြီး နိုင်ငံ အနှံ့မှာ ဖြန့်ကျက်ထားတယ်လို့ ယူဆရပါတယ်။ နောက်ပြီး ဒေသတွင်း နိုင်ငံတွေဆီ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ပိုမိုသေးငယ်ပြီး အနိမ့်ပျံသန်းနိုင်တဲ့ ခရုစ်ဒုံးကျည်တွေကိုလည်း အီရန်က အများအပြား သိုမှီးထားနိုင်ဆဲလို့ ယုံကြည်ရပါတယ်။ ခရုစ်ဒုံးကျည်တွေကတော့ တာတိုပစ်မှတ်တွေနဲ့ သင်္ဘောတွေကို တိုက်ခိုက်ရာမှာ အဓိက အသုံးဝင်ပါတယ်။
အီရန်ရဲ့ ဒုံးကျည် ပိုင်ဆိုင်မှုတွေ သိပ်ပြီး မပြုန်းတီးသေးဘူးဆိုတဲ့ ထောက်လှမ်းရေး အစီရင်ခံစာအကြောင်း မေးမြန်းတဲ့အခါ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး အိုလီဗီရာ ဝေးလ်စ်က ထရမ့်ရဲ့ လေသံကို လိုက်ပြီး အီရန်စစ်တပ်ဟာ ချေမှုန်းခံထားရပြီး ဖြစ်တယ်လို့ ထပ်လောင်း ပြောဆိုသွားပါတယ်။ လက်ရှိ အခြေအနေမှာ အီရန်ဟာ စစ်တပ်ကို ပြန်ပြီး စုစည်းတည်ဆောက်နိုင်တယ်လို့ ပြောရင် စိတ်ကူးယဉ်နေတာ၊ ဒါမှမဟုတ် ဝါဒဖြန့်တာသာဖြစ်ပြီး လက်တွေ့ အရှိတရားတော့ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် အီရန်စစ်တပ်ဟာ လက်ရှိ အချိန်ထိ အခြေအနေကောင်းနေဆဲ၊ တောင့်တင်းနေဆဲလို့ ရေးသား ပြောဆိုမှု မှန်သမျှဟာ အမေရိကန်အပေါ် သွယ်ဝိုက်တဲ့ နည်းနဲ့ သစ္စာဖောက်မှု ဖြစ်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ထရမ့်က ရေးသားခဲ့ဖူးတာကိုလည်း ဝေးလ်စ်က ကိုးကားသွားပါသေးတယ်။
ထရမ့်က အီရန်ဟာ စစ်တိုက်စရာ လက်နက်ခဲယမ်း အရင်းအမြစ်တွေ အားလုံးနီးပါးကို ဆုံးရှုံးထားပြီးပြီလို့ အကြိမ်ကြိမ် ပြောဆိုနေတဲ့တိုင် အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကတော့ တကယ်လို့ စစ်ပွဲတွေ ပြန်စရင် ထက်ထက်မြက်မြက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ကြေညာထားပါတယ်။
ကိုးကား: New York Times


















































