အီရန်တောင်ပိုင်းမှာ တိုက်ခိုက်မှု အသစ်တွေ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ကြေညာခဲ့ပါတယ်။
မေလ ၂၅ ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ လေကြောင်း စစ်ဆင်ရေးရဲ့ ပစ်မှတ်ဟာ အီရန်ရဲ့ ဒုံးကျည်တွေ ဖြန့်ကျက်ထားတဲ့ နေရာတွေ၊ ပင်လယ်ပြင်မှာ ရေမြှုပ်မိုင်း ချတဲ့ လှေငယ်တွေ ဖြစ်တယ်လို့ အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေရဲ့ ရည်ရွယ်ချက်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာဖြစ်ကြောင်း၊ အီရန်တပ်တွေက အမေရိကန် စစ်သည်တွေအပေါ် ခြိမ်းခြောက်လာတဲ့ အခြေအနေတွေကို ရှင်းလင်းပစ်ဖို့သာ ရည်ရွယ်ခဲ့ကြောင်း CENTCOMက ဆိုပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား အပစ်အခတ် ရပ်စဲထားပြီး စစ်ပြေငြိမ်းရေး ဆွေးနွေးနေချိန်မှာ အခုလို အမေရိကန် တိုက်ခိုက်မှုမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ CENTCOMရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က အမေရိကန် စစ်တပ်ဟာ စစ်သည်တွေရဲ့ လုံခြုံရေးကို ဆက်ပြီး ကာကွယ်နေမှာဖြစ်ကြောင်း၊ ဒါပေမဲ့ လက်ရှိ အပစ်ရပ် သဘောတူညီမှုအရ တိုက်ခိုက်မှုတိုင်းကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement
အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီစမေးလ် ဘက်ကိုင်က အမေရိကန်နဲ့ လက်ရှိ ဆွေးနွေးမှုတွေမှာ တိုးတက်မှုတချို့ ရရှိလာကြောင်း မှတ်ချက်ပေးခဲ့ပြီး နာရီပိုင်း အကြာမှာ အမေရိကန်က အီရန်တောင်ပိုင်းမှာ တိုက်ခိုက်မှု အသစ်တွေ လုပ်ခဲ့တယ် ဆိုတာကို ကြေညာလာခဲ့တာပါ။ ဘက်ကိုင်ရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု ချက်ချင်း ရရှိမယ်လို့တော့ မမျှော်လင့်သင့်သေးကြောင်း သတိပေးထားပါတယ်။
မေလ ၂၅ ရက်နေ့က တိုက်ခိုက်မှုတွေဟာ အီရန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ဘန်ဒါ အဘက်စ်နားက ဧရိယာ တစ်ခုကို အဓိက ပစ်မှတ်ထားခဲ့ကြောင်း ဟော့ကင်းစ်က ဆိုပါတယ်။ အဲဒီမြို့မှာတော့ ဟောမုဇ် ရေလက်ကြားကို တိုက်ရိုက် စိုးမိုးနိုင်မယ့် အီရန် ရေတပ်စခန်း တစ်ခု တည်ရှိနေပါတယ်။
အီရန် အစိုးရ မီဒီယာရဲ့ အစောပိုင်း ထုတ်ပြန်ချက်မှာတော့ ဘန်ဒါအဘက်စ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး အာဏာပိုင်တွေက အသေးစိတ် ဆက်လက် စုံစမ်းနေတယ်လို့ပဲ ဖော်ပြထားခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အီရန်ဖက်က ဘယ်လို တုံ့ပြန်မလဲဆိုတာ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ဘယ်လို သက်ရောက်မှု ရှိလာမလဲ ဆိုတာလည်း မပြောနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နှစ်နိုင်ငံကြား သဘောတူညီမှုတစ်ခု ရရှိဖို့ နီးစပ်လာပြီလို့ မှတ်ချက်ပေးခဲ့ပေမယ့် သူ့အတွက် အဲဒီလို သဘောတူညီမှုမျိုး အလောတကြီး ရယူဖို့ မလိုအပ်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: BBC
















































