Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ UFC ပွဲစဉ်အတွက် သံလှောင်အိမ် စတင်တည်ဆောက်

အိမ်ဖြူတော်ရှေ့ မြေကွက်လပ်မှာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) ပြိုင်ပွဲ ကျင်းပဖို့ သံလှောင်အိမ်ကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရှေ့ မြေကွက်လပ်မှာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) ပြိုင်ပွဲ ကျင်းပဖို့ သံလှောင်အိမ်ကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ တောင်ဖက် မြက်ခင်းဧရိယာမှာ Ultimate Fighting Championship (UFC)က ကျင်းပမယ့် ပွဲစဉ်အတွက် လှောင်အိမ်ကြီးအတွက် ဆောက်လုပ်ရေး လုပ်ငန်း စတင်နေတာ ဖြစ်ပါတယ်။ မေလ ၂၆ ရက်နေ့တုန်းက ဆောက်လုပ်ရေး ဝန်ထမ်းတွေဟာ လိပ်ခုံးပုံ ခပ်ကွေးကွေး ပင်မတိုင်ကြီးတွေကို စတင် စိုက်ထူနေတာကို တွေ့ရပါတယ်။

အဲဒီလှောင်အိမ်ကို အဋ္ဌဂံပုံ တည်ဆောက်မှာဖြစ်ပြီး အနီးမှာတော့ ပွဲကြည့်ပရိသတ်တွေအတွက် ယာယီထိုင်ခုံ ထောင်ဂဏန်းလောက် စီစဉ်ပေးထားမယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လာမယ့် နှစ် ၂၅၀ ပြည့် အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်မှာ UFCရဲ့ MMA ပြိုင်ပွဲတစ်ခု ကျင်းပစေမယ်လို့ ကြေညာထားပါတယ်။ UFC Freedom 250 လို့ နာမည်ပေးထားတဲ့ အဲဒီ ပြိုင်ပွဲဟာ UFC သမိုင်းမှာ အခမ်းနားဆုံး အခိုက်အတန့်တစ်ခု ဖြစ်လာစေမယ်လို့လည်း ထရမ့်က ကြွေးကြော်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၄ ရက်နေ့မှာ ကျင်းပမယ့် အစီအစဉ်အတွက် ဒေါ်လာ သန်းပေါင်း ၆၀ လောက် ရင်းနှီးမြှုပ်နှံထားကြောင်းလည်း UFCက ထုတ်ပြန်ပါတယ်။ ထရမ့်က ရွှန်းရွှန်းဝေအောင် ပရိုမိုးရှင်း ဆင်းပေးနေပေမယ့် အဲဒီပွဲစဉ်မှာ ချန်ပီယံလုပွဲကတော့ နှစ်ပွဲသာ ထည့်သွင်းစီစဉ်ထားတာ ဖြစ်ပါတယ်။

ပွဲစဉ်တစ်ခုက UFC ဟဲဗီးဝိတ် ချန်ပီယံဆုအတွက် ဘရာဇီးသား အဲလက်စ် ပါရဲရားနဲ့ ပြင်သစ်ရဲ့ ဆိုင်ရဲလ်ဂါနီတို့ ယှဉ်ပြိုင်မှာဖြစ်ပြီး လိုက်ဝိတ်တန်းမှာတော့ လက်ရှိ ချန်ပီယံ ဂျက်စတင် ဂါသေ့ဂျ်ကို အီလီယာ တူပိုရီယာက စိန်ခေါ်သွားမှာ ဖြစ်ပါတယ်။

UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က အိမ်ဖြူတော် တောင်ဖက် မြက်ခင်းပေါ်က ပြိုင်ပွဲကို ပွဲကြည့်ပရိသတ် ၄၃၀၀ ကျော် တက်ရောက် အားပေးမှာ ဖြစ်တယ်လို့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အများစုကတော့ စစ်မှုထမ်းတွေ ဖြစ်ကြမယ်လို့လည်း သူက ဆိုပါတယ်။ အဲဒီ ပွဲစဉ်တွေကို အနီးမှာရှိတဲ့ Ellipse ပန်းခြံမှာ ပြည်သူတွေ စုဝေးကြည့်ရှုနိုင်အောင် လက်မှတ် ၈၅၀၀၀ ကိုလည်း အခမဲ့ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ UFCက အဲဒီ ပွဲစဉ်အတွက် လက်မှတ်တွေကို လူထုဆီ ထုတ်ရောင်းမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

လူတွေက အဲဒီပွဲစဉ် လက်မှတ်တွေကို လိုချင်တာမျိုး တစ်ခုခုကို စိတ်အားထက်ထက်သန်သန် တောင့်တနေတာကို သူအရင်က မမြင်ဖူးခဲ့ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ပွဲစဉ်အတွက် အထူးတန်း VIP လက်မှတ်တွေကိုတော့ အကန့်အသတ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး တစ်ဦးကို ဒေါ်လာ ၁.၅ သန်းလောက်ထိ ကျသင့်မှာ ဖြစ်ပါတယ်။

ဝှိုက်ကတော့ UFCဟာ ငွေကြေးအကျိုးအမြတ်အတွက် အဲဒီပွဲစဉ်ကို ကျင်းပစေတာ မဟုတ်ဘူးလို့ ပြောပါတယ်။ အိမ်ဖြူတော်မှာ အရင်က လူထုကို စိတ်အပန်းပြေစေမယ့်၊ ပျော်ရွှင်စေမယ့် အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ ကျင်းပဖူးပါတယ်။ ဒါပေမဲ့ အားကစားပွဲ တစ်ခုကို ပရိသတ်တွေ အများအပြားနဲ့ စီစဉ်စေတာမျိုးကတော့ အခုတစ်ကြိမ် ပထမဆုံးပါ။

ဒုတိယအကြိမ် သမ္မတ ဖြစ်လာချိန် ကတည်းက ထရမ့်ဟာ အိမ်ဖြူတော်မှာ ပြင်ဆင်မှုတွေ အမျိုးမျိုးကိုလည်း လုပ်ဆောင်စေခဲ့ပါတယ်။ သမ္မတရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ ရွှေရောင် အနားသတ်တွေ ဖြည့်စေတာ၊ နှင်းဆီခြံမှာ ပေါ်တီကို နေရာ ထည့်သွင်း တည်ဆောက်စေတာ၊ လင်ကွန်းအိပ်ခန်းနဲ့ ဆက်စပ်နေတဲ့ ရေချိုးခန်းကို ပုံစံ အခင်းအကျင်း ပြောင်းပစ်စေတာ၊ အိမ်ဖြူတော် အရှေ့ဖက်ဆောင်ကို ဖြိုချပြီး ကပွဲခန်းမဆောင်တစ်ခု တိုးချဲ့ တည်ဆောက်စေတာတွေကို ထရမ့်က ညွှန်ကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...