Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကာလ ၃ လပြည့်ချိန် အီရန်ပိုင်နက်ထဲမှာ အမေရိကန်က စစ်ရေးအရ တိုက်ခိုက်

အီရန်ပိုင်နက်ထဲမှာ အမေရိကန်က တိုက်ခိုက်မှု အသစ်တွေ လုပ်ဆောင်ခဲ့ပြီး အီရန် ဒရုန်းတွေကိုလည်း ပစ်ချခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အီရန်ပိုင်နက်ထဲမှာ အမေရိကန်က တိုက်ခိုက်မှု အသစ်တွေ လုပ်ဆောင်ခဲ့ပြီး အီရန် ဒရုန်းတွေကိုလည်း ပစ်ချခဲ့ကြောင်း သိရပါတယ်။

မေလ ၂၇ ရက်နေ့ ညပိုင်းတုန်းက အီရန်နိုင်ငံ တောင်ပိုင်း၊ ဘန်ဒါအဘက်စ် ဆိပ်ကမ်းမြို့မှာ ရှိနေတဲ့ စစ်ရေးပစ်မှတ် တစ်ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို အီရန်ရဲ့ ဖောက်ခွဲရေးဒရုန်း လေးစီးကိုလည်း ပစ်ချခဲ့ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးက Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

အမေရိကန်က ပစ်မှတ်ထားခဲ့တဲ့ နေရာဟာ ဘန်ဒါအဘက်စ်မှာ ရှိနေတဲ့ မြေပြင် ထိန်းချုပ်ရေး စခန်းဖြစ်ပြီး ပဉ္စမမြောက် ဒရုန်းကို လွှတ်တင်ဖို့ စီစဉ်နေချိန်မှာ အမေရိကန်က တိုက်ခိုက်ခဲ့တာလို့ အဲဒီ အရာရှိက ဆိုပါတယ်။

အီရန်ရဲ့ ဒရုန်းတွေဟာ ဟောမုဇ် ရေလက်ကြား တဝိုက်မှာ ခြိမ်းခြောက် အန္တရာယ် ပေးလာမယ့် အခြေအနေမျိုး ရှိနေတာကြောင့် အမေရိကန်က အခုလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့လည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်ရေးအရ လုပ်ဆောင်မှုတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက်ပဲ သီးသန့်ရည်ရွယ်ထားကြောင်း၊ အမေရိကန်ဟာ အပစ်ရပ် သဘောတူညီမှုကို ဆက်လက် ထိန်းသိမ်းထားဖို့ ဆန္ဒရှိကြောင်းလည်း Reutersရဲ့ သတင်းရင်းမြစ်က အတည်ပြုသွားပါတယ်။

ဓာတ်ပုံ – The New York Times

အမေရိကန်နဲ့ အီရန်တို့ကြားက စစ်ပွဲ ၃ လပြည့်မြောက်တဲ့ အချိန်မှာ အခုလို တိုက်ခိုက်မှုမျိုး ပေါ်ပေါက်လာခဲ့တာပါ။ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံဟာ ဧပြီ ၈ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲထားကြပါတယ်။ အမေရိကန်ဟာ မေလ ၂၅ ရက်နေ့တုန်းကလည်း ဘန်ဒါအဘက်စ် တဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။ အဲဒီ စစ်ဆင်ရေးဟာ အီရန်ရဲ့ ရန်လိုမှုတွေကို ကြိုတင် တားဆီးဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ဖြေရှင်းခဲ့ပါတယ်။ အီရန်ကတော့ အမေရိကန်ဟာ အပစ်ရပ် သဘောတူညီမှုကို အတိအလင်း ချိုးဖောက်ခဲ့တာဖြစ်ကြောင်း စွပ်စွဲသွားပါတယ်။

အစောပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုတွေမှာ အခုထိ သူစိတ်ကျေနပ်တဲ့ အနေအထားဆီ ရောက်မလာသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

အီရန်ဟာ စစ်ပြေငြိမ်းရေး သဘောတူညီမှုတစ်ခု ရယူနိုင်ဖို့ အမှန်တကယ် ဆန္ဒပြင်းပြနေပေမယ့်လည်း အမေရိကန် လိုချင်တဲ့ အတိုင်းအတာထိ လိုက်လျောဖို့တော့ ဝေးကွာနေဆဲလို့ မေလ ၂၇ ရက်နေ့မှာ ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

သူက လက်ရှိမှာ အမေရိကန်ဟာ အီရန်နဲ့ အပစ်ရပ်ထားပေမယ့် သဘောတူညီမှု တစ်ခုခု ရမလာဘူး ဆိုရင်တော့ စစ်ပွဲကို ပြန်စဖို့ တွေးထားကြောင်းလည်း သတိပေးသွားပါတယ်။

အီရန် အစိုးရ သတင်းဌာနက လက်ရှိ နှစ်ဖက် ညှိနှိုင်းမှုတွေမှာ အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ရေး၊ ဒေသတွင်းက အမေရိကန်တပ်တွေ ရုပ်သိမ်းရေးဆိုတဲ့ အချက်တွေကို ဆွေးနွေးနေကြောင်း ဖော်ပြခဲ့တဲ့နောက် ထရမ့်ဆီက အခုစကား ထွက်ပေါ်လာတာပါ။ အမေရိကန် အစိုးရ ရုံးစိုက်တဲ့ အိမ်ဖြူတော်ကတော့ အီရန် သတင်းဌာနရဲ့ အဆိုဟာ လုံးဝဥဿုံ လုပ်ကြံဖန်တီး ပြောဆိုမှုအဖြစ် ဝေဖန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်လောက်မှာ အမေရိကန်ရော၊ အီရန်ကပါ ဆွေးနွေးမှုတွေ တိုးတက်နေကြောင်း အသီးသီး အတည်ပြုခဲ့ကြတဲ့နောက် သဘောတူညီမှုတစ်ခု မကြာခင် ရရှိတော့မယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ သဘောတူညီမှုတစ်ခု ချက်ချင်း ရရှိလာမယ့် အခြေအနေ မဟုတ်သေးဘူးလို့ ထရမ့်က သတိပေးသွားပါတယ်။

အီရန်စစ်ပွဲ ၃ လ ကြာမြင့်လာချိန်မှာ ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေး တစ်ခုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ ထရမ့်က အီရန်ဟာ သဘောတူညီမှု တစ်ခုကို ကြိုးစား ရှာဖွေနေကြောင်း၊ အဲဒါအပြင် သူတို့ဖက်မှာ တခြားရွေးစရာ ရှိမယ်လို့လည်း မထင်ကြောင်း၊ အီရန်ဟာ စိတ်ပါလက်ပါ ကြိုးစားနေပေမယ့် လက်ရှိ အချိန်ထိတော့ သဘောတူညီမှုအတွက် အမေရိကန်က ကျေနပ်လောက်တဲ့ အဆင့်ထိ ရောက်မလာသေးကြောင်း၊ ဒါပေမဲ့ အဆင်ပြေလာမယ်လို့တော့ ထင်ကြောင်း၊ သူမျှော်လင့်သလို ဖြစ်မလာရင်လည်း အမေရိကန် အနေနဲ့ လုပ်စရာရှိတဲ့ အလုပ်ကို လက်စသတ်ရုံသာ ရှိကြောင်း ပြောကြားသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုကလည်း လက်ရှိ ဆွေးနွေးမှုတွေမှာ တိုးတက်မှုတချို့၊ စိတ်ဝင်စားစရာ အခြေအနေတချို့ ရှိနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ထပ် နာရီပိုင်းကနေ ရက်ပိုင်းအတွင်း ဘယ်လို တိုးတက်မှုတွေ ဆက်ပြီး ရှိလာမလဲ ဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ ရူဘီရိုက ဆိုပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ချိန်မှာ ထရမ့်ရော၊ ရူဘီရိုကပါ ဆွေးနွေးမှုတွေရဲ့ အလားအလာအပေါ် အကောင်းမြင် ရှုထောင့်ကနေ သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အီရန်နဲ့ အမေရိကန်ကြား လောလောဆယ် ညှိမရသေးဘဲ သဘောထား ကွဲလွဲနေဆဲ ကိစ္စတွေက ဘာတွေလဲ ဆိုတာကိုတော့ နှစ်ယောက်စလုံးက တိတိကျကျ ထုတ်ပြောမသွားခဲ့ပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook