Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်မြေပြင် လိင်အကြမ်းဖက်မှု နာမည်ပျက် စာရင်းမှာ အစ္စရေးနဲ့ ရုရှားစစ်တပ်တွေကို UN ထည့်သွင်းသတ်မှတ်

စစ်မြေပြင် လိင်အကြမ်းဖက်မှု နာမည်ပျက် စာရင်းမှာ အစ္စရေးနဲ့ ရုရှား တပ်ဖွဲ့တွေကိုပါ ကုလသမဂ္ဂ (UN)က ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

စစ်မြေပြင် လိင်အကြမ်းဖက်မှု နာမည်ပျက် စာရင်းမှာ အစ္စရေးနဲ့ ရုရှား တပ်ဖွဲ့တွေကိုပါ ကုလသမဂ္ဂ (UN)က ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။

လိုအပ်တဲ့ စုံစမ်းစစ်ဆေး အတည်ပြုချက်တွေ အပြီးမှာတော့ အဲဒီ နာမည်ပျက် စာရင်းထဲမှာ အစ္စရေးစစ်တပ် (IDF)၊ အစ္စရေး အကျဉ်းဦးစီး အဖွဲ့ (IPS)နဲ့ တခြား လုံခြုံရေး ယူနစ်တွေ ထည့်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အလားတူ ရုရှားစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဟာလည်း UNရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီး အဲဒီစာရင်းထဲ ရောက်သွားခဲ့တာပါ။ ပြီးတော့ အစ္စရေးရဲ့ ရန်သူတော် ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်လည်း နာမည်ပျက် စာရင်းထဲ ရောက်လာပါတယ်။

အဲဒီ နာမည်ပျက် စာရင်းထဲမှာတော့ အများအားဖြင့် အာဖရိက အခြေစိုက် စစ်တပ်တွေ၊ လက်နက်ကိုင် အဖွဲ့တွေချည်း ပါဝင်နေပြီး ခြွင်းချက် အနေနဲ့ ရုရှား၊ ဟားမားစ်နဲ့ အစ္စရေးတို့ မတိုင်ခင် ကတည်းက မြန်မာ့တပ်မတော်ဟာလည်း အဲဒီ စာရင်းထဲမှာ ကြိုတင် နေရာဦးထားခဲ့ပြီး ဖြစ်ပါတယ်။

UNရဲ့ အဆိုအရ ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ်အတွင်း အစ္စရေး ထိန်းချုပ်ထားရာ ဂါဇာကမ်းမြှောင် ဒေသနဲ့ အနောက်ဖက် ကမ်းခြေဒေသတွေမှာ ပါလက်စတိုင်း အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေ အနည်းဆုံး ၃၁ ဦးဟာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ အမြတ်ထုတ်မှုတွေ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။ အစ္စရေးတပ်တွေဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ အကြိမ်ကြိမ် ကျူးလွန်တာမျိုးကို ညှင်းပန်းနှိပ်စက်မှု နည်းလမ်းတစ်ခု အနေနဲ့ အသုံးပြုခဲ့တယ်လို့ UNရဲ့ အစီရင်ခံစာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးတပ်တွေ ကျူးလွန်ခဲ့တဲ့ နောက်ထပ် လိပ်အကြမ်းဖက်မှု ပုံစံတွေကတော့ ပြင်ပပစ္စည်းတွေကို အသုံးပြုတဲ့ မုဒိမ်းမှု၊ လိင်အင်္ဂါတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ချိန်ရွယ်ပစ်ခတ်မှု၊ မဖွယ်မရာ ပွတ်သပ်ကိုင်တွယ်မှု၊ အဝတ်အစားတွေ အဓမ္မ ချွတ်ခိုင်းမှု၊ မုဒိမ်းကျင့်မယ်လို့ ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရုရှားဟာလည်းပဲ ယူကရိန်း စစ်မြေပြင်မှာ ယူကရိန်း အကျဉ်းသားတွေအပေါ် အလားတူ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုတွေ ရှိခဲ့တယ်လို့ UNက အခိုင်အမာ ပြောပါတယ်။ အကျဉ်းသားတွေရဲ့ အခြေအနေကို သိရှိနိုင်ဖို့ လမ်းကြောင်းတွေကို ရုရှားက အစွမ်းကုန် ဖြတ်တောက်ပြီး သတင်းအမှောင် ချထားပေမယ့် UNရဲ့ စုံစမ်းရေး အရာရှိတွေဟာ ရုရှားလုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ ပြစ်မှု ၃၁၀ လောက်ကို ခွဲခြမ်းစိတ်ဖြာ အတည်ပြုနိုင်ခဲ့ပါတယ်။

ရုရှားတပ်တွေရဲ့ လိင်အကြမ်းဖက်မှု သားကောင် အများစုက အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး ၂၆ ဦးနဲ့ မိန်းကလေးငယ် ၄ ဦးဟာလည်း အနိုင်ကျင့် အကြမ်းဖက်မှုတွေ ခံခဲ့ရပါတယ်။ ရုရှား လုံခြုံရေး တပ်ဖွဲ့တွေဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ လိင်အင်္ဂါတွေကို ပုံစံပျက်အောင် လှီးဖြတ်တာ၊ ကျဉ်စက် (taser)နဲ့တို့ပြီး နှိပ်စက်တာတွေ လုပ်ခဲ့ကြောင်း၊ သားကောင်တွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ တစ်ကြိမ်ထက်မကတဲ့ အကြမ်းဖက်မှုတွေကို ခံခဲ့ရကြောင်းလည်း UNက ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တုန်းက အစ္စရေးပိုင်နက်ကို အငိုက်ဖမ်း စီးနင်းခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ဟားမားစ် ပြောက်ကျား တပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ လိင်အကြမ်းဖက် လုပ်ရပ်တွေ အတွက်လည်း UNဟာ ဟားမားစ်ကို အဲဒီ နာမည်ပျက် စာရင်းထဲ ထည့်သွင်းထားပါတယ်။ ဟားမားစ်ကတော့ အဲဒီတိုက်ခိုက်မှု အတွင်းမှာရော၊ ဓားစာခံအဖြစ် ဖမ်းဆီးသွားသူတွေအပေါ်မှာပါ လိင်အကြမ်းဖက်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

UNရဲ့ ထုတ်ပြန်ချက်မှာတော့ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ အကျဉ်းစခန်းတွေဆီ UNရဲ့ ကျွမ်းကျင်သူတွေ သွားရောက် လေ့လာခွင့်ကို အစ္စရေးက ပိတ်ပင်ထားခဲ့တဲ့အပြင် အနိုင်ကျင့် ခံရတာတွေအကြောင်း ထုတ်မပြောဖို့ အကျဉ်းသားတွေကို ခြိမ်းခြောက်ထားလေ့ရှိကြောင်း ပါရှိခဲ့ပါတယ်။ ရုရှားဟာလည်း ယူကရိန်းတွေအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လိင်အကြမ်းဖက်ခဲ့တဲ့ ကိစ္စတွေ စုံစမ်းလို့ မရအောင် နည်းမျိုးစုံနဲ့ နှောင့်ယှက် ဟန့်တားခဲ့တယ်လို့ UNက ဆိုပါတယ်။

ရုရှားနဲ့ အစ္စရေးတို့အပြင် တခြား အစိုးရ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုအဖြစ် UNရဲ့ စုံစမ်းမှုကို ခံခဲ့ရတာကတော့ ယူကရိန်းတပ်တွေ ဖြစ်ပါတယ်။ ၂၀၂၂ ကနေ ၂၀၂၅ ခုနှစ်ထိ အတောအတွင်း ယူကရိန်း စစ်သားတွေ ကျူးလွန်ခဲ့တဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်အကြမ်းဖက်မှု ဖြစ်စဉ် ၃၁ ခုကို ရှာတွေ့ထားကြောင်း၊ အဲဒီဖြစ်ရပ်တွေမှာတော့ လိင်အင်္ဂါကို တိုက်ခိုက်တာ၊ ကျဉ်စက်နဲ့တို့တာ၊ အဝတ်အစားတွေ ချွတ်ဖို့ ဖိအားပေးတာမျိုးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ယူကရိန်း အစိုးရကတော့ စုံစမ်းစစ်ဆေးမှုတွေမှာ လွတ်လွတ်လပ်လပ် လုပ်ဆောင်ဖို့ ခွင့်ပြုခဲ့သလို ပူးပေါင်း အကူအညီ ပေးခဲ့ကြောင်း၊ ပြီးတော့ အလားတူ ဖြစ်ရပ်တွေ ထပ်ကြုံမလာအောင် စည်းမျဉ်း ဥပဒေတွေကိုပါ တင်းကျပ်ပေးခဲ့ကြောင်း UNရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစ္စရေးနဲ့ ရုရှား အစိုးရတွေကတော့ နိုင်ငံရဲ့ လက်နက်ကိုင်တပ်တွေ UN နာမည်ပျက်စာရင်း အသွင်းခံရတဲ့ ကိစ္စကို ကန့်ကွက်ခဲ့သလို စွပ်စွဲချက်တွေကိုလည်း ငြင်းဆန်ခဲ့ပါတယ်။ အစ္စရေးရဲ့ UN သံအမတ်ကြီး ဒန်နီ ဒါနွန်က ဒီကိစ္စကို ဆန္ဒပြတဲ့ အနေနဲ့ UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ အဆက်အသွယ် ဖြတ်တောက်ကြောင်း ကြေညာထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။