Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နေတန်ညာဟုကို ဆူပူမာန်မဲခဲ့ကြောင်း သတင်းတွေကို ထရမ့်အတည်ပြု

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဆူပူမာန်မဲခဲ့ကြောင်း သတင်းတွေဟာ မှန်ကန်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဆူပူမာန်မဲခဲ့ကြောင်း သတင်းတွေဟာ မှန်ကန်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

သူတို့နှစ်ဦး ဖုန်းပြောချိန်မှာ ထရမ့်ဟာ အတော်ကြီး ပြင်းထန်တဲ့ စကားလုံးတွေနဲ့ မာန်မဲ ပြောဆိုခဲ့ကြောင်း အိမ်ဖြူတော် သတင်းရင်းမြစ် တချို့ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဇွန်လ ၃ ရက်နေ့မှာတော့ ထရမ့်က သူ့ရဲ့ အမာခံ မဟာမိတ်ဖြစ်တဲ့ နေတန်ညာဟုနဲ့ ဖုန်းပြောချိန်မှာ တင်းမာမှုတွေ ရှိခဲ့တယ် ဆိုတာကို ထုတ်ပြောသွားပါတယ်။

ဇွန်လ ၁ ရက်နေ့မှာ နေတန်ညာဟုနဲ့ ဖုန်းပြောခဲ့တဲ့ ကိစ္စကို နောက်ထပ် ၂ ရက်အကြာမှာ New York Post သတင်းဌာနက ထရမ့်ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ထရမ့်အနေနဲ့ Fနဲ့စတဲ့ ဆဲရေးတိုင်းထွာမှု ဝေါဟာရကိုပါ အသုံးပြုပြီး နေတန်ညာဟုကို ပြောဆိုခဲ့တာတွေ၊ ရူးနေလားလို့ မေးခဲ့တာတွေ၊ နေတန်ညာဟု ထောင်မကျအောင် သူက ဆွဲထုတ်ပေးထားရတယ် ဆိုတာတွေ ပြောခဲ့တာ မှန်သလားလို့ New York Postက မေးခဲ့ပါတယ်။

သူပြောခဲ့တယ်လို့ ထရမ့်ကလည်း ပြန်ဖြေပါတယ်။ လက်ဘနွန်မှာ ဆက်ပြီး တိုက်ချင်ခိုက်ချင်စိတ်တွေ များနေတဲ့ နေတန်ညာဟုကြောင့် သူနည်းနည်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ထရမ့်က ဆိုပါတယ်။ ပြီးတော့ အခုအချိန်မှာ ရပ်သင့်နေပြီလို့လည်း သူက နေတန်ညာဟုကို သတိပေးခဲ့ကြောင်း ထရမ့်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် လက်ဘနွန်မှာ အစ္စရေးစစ်တပ်နဲ့ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ သဘောတူ လက်ခံခဲ့ကြောင်း ထုတ်ပြန်တဲ့ နေ့မှာပဲ ထရမ့်နဲ့ နေတန်ညာဟုတို့ ဖုန်းဆက်ပြီး စကားများခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ကတောက်ကဆ ဖြစ်ခဲ့ပေမယ့်လည်း သူနဲ့ နေတန်ညာဟုဟာ အကောင်းဆုံး ဆက်ဆံရေးမျိုး ရှိနေကြောင်း၊ သူတို့နှစ်ဦး လက်တွဲပြီး ကောင်းမွန်တာတွေ အများကြီး လုပ်ပြနိုင်ခဲ့သလို ပုဂ္ဂိုလ်ရေး အရလည်း သူက နေတန်ညာဟုကို သဘောကျကြောင်း ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ အခုလို တင်းမာတဲ့ အခြေအနေတွေ ဖြစ်လာတာက အီရန်စစ်ပွဲကို စိတ်တူကိုယ်တူ စတင်ဆင်နွှဲခဲ့တဲ့ လက်ယာစွန်း မဟာမိတ် နိုင်ငံရေးသမား နှစ်ဦးရဲ့ ဆက်ဆံရေးမှာ ပပ်ကြားအက်တချို့ ရှိလာတာကို ညွှန်ပြနေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

AFP သတင်းဌာနက ဒီကိစ္စကို အိမ်ဖြူတော်ဆီ ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ရှိသူ တစ်ဦးက ဇွန်လ ၁ ရက်နေ့တုန်းက လူမှုကွန်ရက်ပေါ်မှာ ထရမ့်တင်ထားတဲ့ ပို့စ်တစ်ခုကို ဖတ်ရှုဖို့ အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီပို့စ်မှာတော့ လက်ဘနွန်မှာ အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်ဆင်နေမှုကို ရုပ်သိမ်းပေးဖို့ လက်ခံခဲ့တဲ့ နေတန်ညာဟုကို ကျေးဇူးတင်ကြောင်း ရေးသားထားပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပြေငြိမ်းရေးကိစ္စ ဆွေးနွေးနေကြပေမယ့်လည်း လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေသ၍ သဘောတူညီမှု တစ်ခုခု ရလာဖို့ မဖြစ်နိုင်ကြောင်း အီရန်က သတိပေးထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။