အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ကြောင်း မကြေညာကြပေမယ့် အီရန်နဲ့ အမေရိကန်တို့ကြားက တကျော့ပြန် စစ်ရေး ပဋိပက္ခက တရိပ်ရိပ်နဲ့ အရှိန်ပိုမို မြင့်တက်လာနေပါတယ်။
ဇွန်လ ၁၀ ရက်နေ့မှာ အီရန်နိုင်ငံထဲက စစ်ရေး ပစ်မှတ်တွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်ရက်ဆက်တိုက်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ကြေညာခဲ့ပါတယ်။
အီရန်ကလည်း ဘာရိန်းနဲ့ ကူဝိတ်တို့မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်ကလည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွက် အီရန်က အလားတူ နည်းလမ်းအတိုင်း တုံ့ပြန်ခဲ့ပါသေးတယ်။
ဧပြီလ ၈ ရက်နေ့မှာ ရရှိခဲ့တဲ့ နှစ်နိုင်ငံကြား အပစ်ရပ် သဘောတူညီမှုကတော့ အခုလို ဘတစ်ပြန်၊ ကျားတစ်ပြန် တိုက်ခိုက်မှုတွေကြောင့် ပိုပြီး ယိုင်နဲ့ လှုပ်ခါလာနေပါတယ်။

Public Service Announcement
ဇွန်လ ၈ ရက်နေ့တုန်းက ဟောမုဇ် ရေလက်ကြားမှာ ကင်းလှည့်ပျံသန်းနေတဲ့ အမေရိကန် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးဟာ အီရန်ဒရုန်း ထိမှန်ပြီး ပျက်ကျခဲ့ကြောင်း အမေရိကန်က စွပ်စွဲခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ ၉ ရက်နေ့မှာ အမေရိကန်က အီရန်မှာရှိတဲ့ လေကြောင်းကာကွယ်ရေး စခန်းတွေနဲ့ ရေဒါတွေကို ဖျက်ဆီးခဲ့ပြီး အီရန်ကလည်း ဒေသတွင်း နိုင်ငံတွေက အမေရိကန် စစ်စခန်းတွေဆီ ဒုံးကျည်တွေ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ဇွန်လ ၁၀ ရက်နေ့မှာပါ ဆက်လက် ဖြစ်ပွားနေခဲ့တာပါ။
ဇွန်လ ၁၀ ရက်နေ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အီရန်တောင်ပိုင်း၊ အထူးသဖြင့် ဟောမုဇ်ရေလက်ကြား တဝိုက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ ဟောမုဇ် ရေလက်ကြား တဝိုက်မှာ ရှိနေတဲ့ သင်္ဘောတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ရေနံတင် သင်္ဘောနှစ်စီးဟာ အီရန်ရေတပ်ရဲ့ ပစ်ခတ်မှုတွေ ခံခဲ့ရတယ်လို့ အီရန် အစိုးရ မီဒီယာက ကြေညာပေမယ့် အတိအကျ အတည်မပြုနိုင်သေးပါဘူး။
အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပြေငြိမ်းရေးအတွက် ဆက်လက် ညှိနှိုင်းနေရင်း တစ်ဖက်မှာလည်း တိုက်ခိုက်မှုတွေ ပြန်စလာနေတာ ဖြစ်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့က စစ်ရေး ပဋိပက္ခတွေ ဖြစ်မလာခင်မှာတင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ဟာ သဘောတူညီမှု တစ်ခုခု ရယူဖို့ အလွန်အကျွံ အချိန်ဆွဲနေကြောင်း စွပ်စွဲ ဝေဖန်ခဲ့ပါသေးတယ်။
ဒါပေမဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အမေရိကန်ဟာ ညှိနှိုင်းမှုတွေအတွင်း စကားတွေ အမျိုးမျိုး ပြောင်းပြောနေတာကြောင့် သံတမန်ရေး အားထုတ်မှုတွေအပေါ် အကြီးအကျယ် အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ တုံ့ပြန် ဝေဖန်ခဲ့ပါတယ်။ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းကလည်း သူ့နိုင်ငံဟာ ဘယ်လို ဖိအားမျိုး၊ ခြိမ်းခြောက်မှုမျိုးကိုမဆို ကြံ့ကြံ့ခံ တွန်းလှန်သွားမယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အခုလိုမျိုး အပြန်အလှန် တိုက်ခိုက်မှုတွေ အလျဉ်းသင့်သလို ဖြစ်ပွားနေခဲ့ပေမယ့် တင်းပြည့်ကျပ်ပြည့် စစ်ပွဲအဆင့်ထိ မရောက်အောင်တော့ အပစ်ရပ် သဘောတူညီမှုကို ဆက်ထိန်းထားကြပါတယ်။
ကိုးကား: BBC


















































