အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့် သင်ကြားပေးနေတာ ဖြစ်ပါတယ်။
AIဟာ လူသားတွေရဲ့ သင်ကြားပို့ချမှုတွေကို ကိုယ်တိုင် မှတ်သား သင်ယူနိုင်စွမ်းရှိတဲ့ ကွန်ပျူတာ ဉာဏ်ရည်တု ဖြစ်ပါတယ်။ အနာဂတ်မှာတော့ လူသားတွေရဲ့ အလုပ်နေရာ အမျိုးအစား အများကြီးကို AIက အစားထိုး တာဝန်ယူလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ တမီလ်နာဒူ ပြည်နယ်ထဲမှာရှိတဲ့ ချန်နိုင်းမြို့မှာတော့ အသက် ၂၅ နှစ်အရွယ် အိမ်ရှင်မ နာဂျီရက်ဒီ ဆရီယမ်ယာချန်ဒရာဟာ အိမ်မှာပဲနေပြီး AIကို လေ့ကျင့်ပေးနေပါတယ်။ သူ့ရဲ့ တာဝန်ကတော့ နေ့စဉ် အိမ်မှုကိစ္စ အဝဝ ဘယ်လို စီမံကိုင်တွယ်သလဲဆိုတာ AIကို သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် နဖူးမှာ စမတ်ဖုန်း တပ်ထားတဲ့ ခေါင်းဆောင်းကို သူက ဝတ်ထားပါတယ်။ စမတ်ဖုန်း ကင်မရာက သူ့လက်တွေရဲ့ လှုပ်ရှားမှုကို တောက်လျှောက် ရိုက်ကူး မှတ်တမ်းတင်ပြီး ဘာတွေ လုပ်သလဲ ဆိုတာကို စောင့်ကြည့်ပါတယ်။
လူသားက အလုပ်လုပ်တဲ့ အိမ်မှုကိစ္စတွေကို AIကို မှတ်သားစေပြီး အနာဂတ်မှာတော့ အဲဒီ အလုပ်တွေကို အစားထိုး တာဝန်ယူစေဖို့ ရည်ရွယ် သင်ကြားပေးနေတာ ဖြစ်ပါတယ်။ တစ်နာရီစာ ဗီဒီယို တစ်ခုအတွက် သူက ၂ ဒေါ်လာခွဲကျော်လောက်နဲ့ ညီမျှတဲ့ ရူပီး ၂၅၀ ရရှိတယ်လို့ ဆရီယမ်ယာချန်ဒရာက ပြောပါတယ်။

Public Service Announcement
သူ့အတွက်တော့ ပုံမှန် လုပ်ရိုးလုပ်စဉ် အိမ်မှုကိစ္စတွေကို လုပ်နေရင်း အပိုဝင်ငွေ ရသလို ဖြစ်နေပေမယ့် နည်းပညာ ကုမ္ပဏီတွေ အတွက်တော့ အဲဒီ ဖုန်းကင်မရာက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာ AIကို သင်ကြားရာမှာ အရမ်းတန်ဖိုးရှိတဲ့ အချက်အလက်တွေ ဖြစ်နေပါတယ်။ ဘယ်သူကများ ကိုယ့်အိမ်အလုပ်ကိုယ် လုပ်နေတဲ့သူကို တစ်နာရီ ရူပီး ၂၅၀ ပေးမှာလဲလို့ ဆရီယမ်ယာချန်ဒရာက မေးခွန်းထုတ်ခဲ့ပါတယ်။ သူဟာ အိန္ဒိယမှာ AIကို လေ့ကျင့်ပေးနေတဲ့ ထောင်ချီတဲ့ ဝန်ထမ်းတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
AI နည်းပညာ ကျယ်ပြန့်ထွန်းကားလာတဲ့ တစ်နေ့ကျရင်တော့ သူလည်း အိမ်မှုကိစ္စလုပ်တဲ့ စက်ရုပ်တစ်ရုပ်လောက် ဝယ်ကောင်း ဝယ်ဖြစ်လိမ့်မယ်လို့ အဲဒီ အမျိုးသမီးက ဆိုပါတယ်။
AIနည်းပညာမှာ chatbotတွေနဲ့ ပုံရိပ်ဖန်တီးတဲ့ toolတွေကို လေ့ကျင့်ပေးဖို့ လိုအပ်တဲ့ ဒစ်ဂျစ်တယ် အချက်အလက်တွေက အလျှံအပယ် ရှိနေပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ ပုံမှန် လှုပ်ရှားမှုတွေကို သင်ကြားပေးဖို့ အပိုင်းမှာတော့ အခက်အခဲတွေ အများကြီးပါ။ AI ပညာရှင်တွေကတော့ လူသားတွေရဲ့ လက်လှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို အသုံးပြုပြီး AIတွေရဲ့ မှတ်သားသင်ယူမှု အချက်အလက်တွေကို ဖြည့်တင်းပေးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဆရီယမ်ယာချန်ဒရာဟာ သူ့ရဲ့ ဗီဒီယိုတွေကို အထူးသီးသန့် appတစ်ခုကနေပြီး အိန္ဒိယနဲ့ အမေရိကန်မှာ ရုံးခန်းတွေ ဖွင့်ထားတဲ့ AI အချက်အလက် စုဆောင်းရေး ကုမ္ပဏီ တစ်ခုဆီကို ပေးပို့ပါတယ်။ တကယ်လို့ သူ့ဗီဒီယိုတွေက ရိုက်ကူးတဲ့ ရှုထောင့် မမှန်ဘူးဆိုရင် လက်တွေကို ရှာမတွေ့ဘူး ဖြစ်နေတယ် ဆိုတာမျိုး AIဆီက သတိပေးသံ ထွက်ပေါ်လာတတ်တယ်လို့ ဆရီယမ်ယာချန်ဒရာက ရှင်းပြပါတယ်။
အခုလို AI အချက်အလက်တွေကိုတော့ လူတူ စက်ရုပ်တွေ တည်ဆောက်ရာမှာ အသုံးချဖို့ အဓိက ရည်ရွယ်ထားပါတယ်။ ကမ္ဘာတလွှားမှာ လူတူစက်ရုပ်တွေ ထုတ်လုပ်မှု စျေးကွက်ဟာ လျင်လျင်မြန်မြန် ကျယ်ပြန့်လာနေပြီး ၂၀၅၀ ပြည့်နှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ လူတူစက်ရုပ် ၁ ဘီလီယံကျော်လောက် အသုံးပြုနေလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
သူတို့ ရှာဖွေ စုဆောင်းပေးနေတဲ့ AI သင်ကြားရေး အချက်အလက်တွေကပဲ သူတို့ရဲ့ အလုပ်အကိုင်တွေကို ရေရှည်မှာ အစားထိုး နေရာယူသွားမလားဆိုတဲ့ စိုးရိမ်မှုကတော့ အိန္ဒိယ AI လေ့ကျင့်ရေး ဝန်ထမ်းတွေရဲ့ စိတ်ထဲမှာ ခိုအောင်းနေပါတယ်။ တချို့ကလည်း ပိုပြီး အကောင်းမြင်တဲ့ စိတ်မျိုးကို မွေးမြူရင်း ပိုမိုတိုးတက်လာတဲ့ နည်းပညာ ရေစီးကြောင်းမှာ အမီလိုက်ဖို့ ကြိုးစားသင့်ကြောင်း ပြောကြားခဲ့ကြပါတယ်။
ကိုးကား: AFP


















































