အီရန်နဲ့ အမေရိကန်ကြား စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီမှု တစ်ခုကို ဇွန်လ ၁၄ ရက်နေ့မှာ လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
အီရန်က အမေရိကန်နဲ့ ဆွေးနွေးမှုတွေ တိုးတက်နေကြောင်း အတည်ပြုခဲ့ပေမယ့် သဘောတူ လက်မှတ်ရေးထိုးမှု တစ်ခုခု လုပ်နိုင်မယ့် အချိန်ကို တိတိကျကျ မပြောနိုင်သေးဘူးလို့ မတင်မကျ ပြောနေပေမယ့် ထရမ့်က အခုလို ရက်သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
သဘောတူညီမှုကို မနက်ဖြန် လက်မှတ်ရေးထိုးကြမှာ ဖြစ်ကြောင်း၊ အဲဒီနောက် ချက်ချင်းဆိုသလို ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်မှာဖြစ်ကြောင်း ဇွန်လ ၁၃ ရက်နေ့တုန်းက သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။
အီရန်-အမေရိကန် ဆွေးနွေးမှုတွေမှာ အဓိက ကြားဝင် ကူညီပေးနေတဲ့ ပါကစ္စတန်ကလည်း ကနဦး သဘောတူညီမှုတွေကို နောက်ထပ် ၂၄ နာရီလောက်အတွင်း အပြီးသတ်နိုင်ဖွယ်ရှိပြီး အီလက်ထရောနစ် လက်မှတ်ရေးထိုးမှု နည်းလမ်းကို အသုံးပြုဖို့ စဉ်းစားထားကြကြောင်း ပြောပါတယ်။

Public Service Announcement
ထရမ့်ရဲ့ ကြေညာချက် မတိုင်ခင်မှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အက်မေလီ ဘက်ခ်ကိုင်က နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမယ့် တိကျတဲ့ ရက်စွဲနဲ့ ပတ်သက်ရင်တော့ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ မနက်ဖြန်တော့ မဖြစ်နိုင်လောက်သေးကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။
ထရမ့်ကတော့ သဘောတူညီမှု ရယူအပြီး နောက်ထပ် သင့်တော်တဲ့ အချိန်ကာလ တစ်ခုမှာ အီရန်ဆီက နျူကလီးယား အမှုန်တွေကို ရယူဖို့ စီစဉ်ထားကြောင်းလည်း ဆိုပါတယ်။ နျူကလီးယား အမှုန်တွေ ဆိုတာဟာ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယမ် ဓာတ်သတ္တုတွေကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အီရန်ဟာ နျူကလီးယား စစ်လက်နက်တွေ တည်ဆောက်ဖို့ ကြိုးစားနေကြောင်း ဆယ်စုနှစ်တွေနဲ့ချီ စွပ်စွဲတာ ခံခဲ့ရပါတယ်။ ဒါပေမဲ့ အီရန်ကတော့ အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယား နည်းပညာ ရည်မှန်းချက်ဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့သာ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။
ထရမ့်က ဆွေးနွေးမှုတွေက ခပ်မြန်မြန်၊ လွယ်လွယ်ကူကူ၊ ချောချောမွေ့မွေ့ အဆုံးမသတ်နိုင်ဘူးဆိုရင် အမေရိကန်မှာ အရမ်း အားကောင်းတဲ့ နောက်ထပ် ရွေးချယ်စရာတွေ စီစဉ်ထားကြောင်း၊ ဒါပေမဲ့ အဲဒီ ကိစ္စတွေကို နောက်တစ်ကြိမ် ထုတ်မသုံးရဖို့ မျှော်လင့်ကြောင်းလည်း ခြိမ်းခြောက်သွားပါတယ်။
အီရန်နဲ့ အမေရိကန်တို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ ဧပြီ ၇ ရက်နေ့ထိ စစ်ဖြစ်ခဲ့ပြီး ဧပြီ ၈ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲထားခဲ့တာပါ။ အဲဒီ အချိန်ကစလို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် တိုးတက်မှုတွေ နှေးကွေးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ ဆွေးနွေးမှုတွေ အခြေအနေ ကောင်းလာကြောင်းကို နှစ်ဖက်စလုံးက အတည်ပြုခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာတော့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီကလည်း အမေရိကန်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိဖို့ အရမ်းနီးကပ်လာနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီ သဘောတူညီမှုမှာတော့ စစ်ပွဲကြောင့် အီရန် ပိတ်ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ရေးကလည်း အဓိက အချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ သူက ပြောကြားသွားပါတယ်။
ကိုးကား: BBC


















































