Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို အဆုံးသတ်ရေး အီရန်နဲ့ အမေရိကန် သဘောတူညီမှု ရရှိ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။

အဲဒီ သဘောတူညီမှုကို အခြေပြုပြီး နှစ်နိုင်ငံ စစ်ပြေငြိမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးမှာပါ။ သဘောတူညီမှုတွေအတွက် နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးတာကိုတော့ ဇွန်လ ၁၉ ရက်နေ့ကျရင် ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အီရန်နဲ့ သဘောတူညီမှုအတွက် ညှိနှိုင်းနေတာတွေအားလုံး ပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်း Xမှာ ဇွန်လ ၁၄ ရက် ညပိုင်းတုန်းက ရေးသား ကြေညာခဲ့ပါတယ်။ ကမ္ဘာပေါ်က သင်္ဘောတွေ စက်စနှိုးကြဖို့၊ ရေနံတွေကို စီးဆင်းခွင့် ပြုလုပ်ဖို့လည်း ထရမ့်က ဆက်ပြီး ရေးသားထားပါသေးတယ်။ ဒါဟာ အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို အခု သဘောတူညီမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးမယ် ဆိုတာကို အတည်ပြုလိုက်တဲ့ ကြေညာချက်လည်း ဖြစ်ပါတယ်။ အီရန်ဟာ ကမ္ဘာ့ရေနံ တင်ပို့မှုမှာ အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်ပြီး နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ တည်ရှိတဲ့ ဟောမုဇ် ရေလက်ကြားကို စစ်ပွဲ တလျှောက်လုံးနီးပါးမှာ ပိတ်ဆို့ထားခဲ့ပါတယ်။

သဘောတူညီမှုရဲ့ အနှစ်ချုပ် အချက်အလက်တွေကတော့ လက်ဘနွန် အပါအဝင် အရှေ့အလယ်ပိုင်း ဒေသမှာ တိုက်ခိုက်မှုအားလုံး ချက်ချင်း ရပ်တန့်ဖို့၊ ဟောမုဇ် ရေလက်ကြားကို အီရန်က ကန့်သတ် ချုပ်ခြယ်မှုမရှိ ပြန်ဖွင့်ပေးဖို့၊ အီရန်ကို စီးပွားရေးအရ ဖိအားပေးဖို့အတွက် အီရန် ဆိပ်ကမ်းတွေကို အမေရိကန်က ရေတပ်အင်အားသုံး ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့၊ အမေရိကန် ထိန်းချုပ်ထားတဲ့ အီရန် ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၂၄ ဘီလီယံ၊ ဒါမှမဟုတ် ၂၅ ဘီလီယံလောက်ကို ပြန်လည် ခွင့်ပြု လွှဲပြောင်းပေးဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခု သဘောတူညီမှုကို အခြေပြုပြီး နောက်ထပ် ရက်ပေါင်း ၆၀ အတွင်းမှာ တရားဝင် စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုနိုင်ရေး ဆက်လက် ဆွေးနွေးမယ်လို့ သိရပါတယ်။ အဲဒီ အပိုင်းမှာတော့ အီရန် နျူကလီးယားအရေးနဲ့ အီရန် အစိုးရအပေါ် အရေးယူပိတ်ဆို့မှု ဖြေလျှော့ရေး ကိစ္စတွေ ပါဝင်လာမယ်လို့ အမေရိကန် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

အမေရိကန်က အီရန်ရဲ့ နျူကလီးယား သုတေသန လုပ်ငန်းစဉ်အားလုံးကို ရပ်ဆိုင်းဖို့၊ အီရန်ရဲ့ သန့်စင်ပြီးသား ယူရေနီယမ် ဓာတ်သတ္တုတွေကို လွှဲပြောင်းပေးဖို့ တောင်းဆိုထားပြီး အီရန်ဖက်ကလည်း အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အဆိုပြုထားပါတယ်။

အီရန်နဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ထရမ့်က ကြေညာခဲ့တဲ့နောက် ချက်ချင်းဆိုသလိုပဲ နိုင်ငံတကာ ရေနံစျေးတွေ ၄ ရာခိုင်နှုန်း ကျသွားပြီး ဆက်တိုက်လည်း ကျဆင်းမယ့် အခြေအနေ ရှိနေပါတယ်။ အီရန်ကလည်း အမေရိကန်နဲ့ သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့တာကို ကြေညာခဲ့ပြီး စစ်ပွဲဟာ ဇွန်လ ၁၄ ရက်နေ့ ညပိုင်းမှာ စတင်အဆုံးသတ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြား ညှိနှိုင်းမှု နောက်ဆုံးအဆင့် အတောအတွင်း အစ္စရေးက လက်ဘနွန်မှာ တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တာကြောင့် ဆွေးနွေးမှုတွေ လမ်းချော်သွားနိုင်တဲ့ အခြေအနေမျိုးထိ ကြုံခဲ့ပါသေးတယ်။ ဘေရွတ် မြို့တော်မှာရှိတဲ့ အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို ပစ်မှတ်ထားပြီး အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။ အစ္စရေးရဲ့ လုပ်ရပ်ကို ထရမ့်ကိုယ်တိုင်ရော၊ အီရန်အစိုးရကပါ ဝေဖန်ခဲ့ပေမယ့် ဆွေးနွေးမှုတွေ ပျက်စီးမသွားအောင်တော့ နှစ်ဖက်စလုံးက ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

New York Times သတင်းစာနဲ့ အင်တာဗျူးမှာတော့ ထရမ့်က သူ့ရဲ့ မဟာမိတ် တစ်ဦးဖြစ်တဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ လက်ပေါက်ကပ်လွန်းသူ တစ်ယောက်လို့ ဝန်ခံသွားပါတယ်။ အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ ထရမ့်နဲ့ နေတန်ညာဟုကြားမှာ သဘောထား ကွဲလွဲမှုတချို့ ရှိခဲ့ပေမယ့် ထရမ့်ကတော့ အစ္စရေးကို နျူကလီးယား လက်နက် ပိုင်ဆိုင်လာမယ့် အီရန်ရဲ့ ခြိမ်းခြောက်မှုကနေ ဆွဲထုတ်ပေးခဲ့တဲ့ သူ့ကို နေတန်ညာဟု အနေနဲ့ ကျေးဇူးတင်သင့်တယ်လို့ ပြောပါတယ်။

ဇွန်လ ၁၅ ရက် မနက်ပိုင်းထိ အခြေအနေ အရတော့ အစ္စရေးဟာ အီရန်-အမေရိကန် သဘောတူညီမှုနဲ့ ပတ်သက်ပြီး တစ်ခုခု သဘောထား ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ အစောပိုင်းမှာ အဲဒီနှစ်နိုင်ငံ ညှိနှိုင်းနေတုန်းကတော့ အစ္စရေးနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိဘူးလို့ အစ္စရေး အစိုးရက မှတ်ချက်ပေးထားခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။