Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ် ပျက်ကျပြီး ၈ ဦးသေဆုံး

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာရှိတဲ့ အက်ဒွပ်စ် လေတပ်စခန်းကနေ ပုံမှန် စက်စမ်းသပ် ပျံသန်းမှု မစ်ရှင်တစ်ခုအတွက် ပျံတက်သွားပြီး မကြာခင်မှာပဲ အဲဒီ လေယာဉ်ကြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျမှုကြောင့် မီးလောင်ပြီး အူထွက်လာတဲ့ မီးခိုးလုံးကြီးတွေကို မိုင်နဲ့ချီ ကွာဝေးတဲ့ နေရာကနေတောင် မြင်နေခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လေတပ်စခန်းရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဂျိမ်းစ် ဟေးယက်စ်က အက်ဒွပ်စ် လေတပ်စခန်းဟာ ကြေကွဲစရာ ဖြစ်ရပ်ဆိုး တစ်ခုနဲ့ ကြုံခဲ့ကြောင်း၊ လေယာဉ် ပျက်ကျမှုမှာ အမေရိကန် ၈ ဦးရဲ့ အသက်တွေကို ဆုံးရှုံးခဲ့ရကြောင်း သတင်းထောက်တွေဆီ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ABC

သေဆုံးသူတွေထဲမှာ လေတပ် အမှုထမ်းတွေ၊ အရပ်ဖက် အစိုးရ ဝန်ထမ်းတွေနဲ့ အရပ်သား ကန်ထရိုက်တာတွေ ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။ လေယာဉ်ပျက်ကျမှုမှာ အသက်ရှင်ကျန်သူ မရှိခဲ့ကြောင်းလည်း သိရပါတယ်။

ကျန်ရစ်သူ မိသားစုဝင်တွေဆီ အသိပေး အကြောင်းကြားအပြီး ၂၄ နာရီ ကြာမှသာ သေဆုံးသူတွေရဲ့ နာမည်စာရင်းကို ထုတ်ပြန်မယ်လို့လည်း လေတပ်က ကြေညာထားပါတယ်။

B-52ဟာ ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျပြီး အပြင်းအထန် မီးလောင်သွားခဲ့တယ်လို့ ဟေးယက်စ်က ဆိုပါတယ်။ လေယာဉ်ဟာ အဖတ်ဆယ်လို့ မရလောက်တဲ့ထိ ပျက်စီးသွားပြီး မီးလောင်မှုကလည်း အသက်ရှင်ကျန်သူ ရှိဖို့ မမျှော်လင့်နိုင်လောက်တဲ့ထိ ဆိုးရွားကြောင်း သူက ဆက်ပြောပါတယ်။ ဝေဟင်က ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအရ လေယာဉ်ပျက်ကျတဲ့ နေရာတဝိုက် မြေပြင်ဟာ မီးကျွမ်းလောင်ထားလို့ မည်းနက်နေပြီး မီးခိုးငွေ့တွေ ထွက်နေတာကို တွေ့ရပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လေယာဉ်ပျက်ကျမှု အကြောင်းရင်းကို စုံစမ်းဖို့ ရက်ပေါင်း ၃၀ လောက် ကြာမြင့်နိုင်ပြီး အသေးစိတ် အစီရင်ခံစာ ထွက်ပေါ်လာဖို့ကတော့ ၆ လလောက်ထိ အချိန်ယူရနိုင်တယ်လို့ လေတပ်က ပြောပါတယ်။

Stratofortressလို့ ကုတ်ဒ်နာမည် ပေးထားတဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတွေကို Boeingကုမ္ပဏီက ထုတ်လုပ်ပြီး အမေရိကန် လေတပ်ရဲ့ သက်တမ်းအရင့်ဆုံး လေယာဉ်တွေထဲမှာ ပါဝင်ပါတယ်။ B-52တွေဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေ ကတည်းက အမေရိကန်ရဲ့ စစ်ဆင်ရေးတွေမှာ ပျံသန်းနေခဲ့တာပါ။

တာဝေးပျံသန်းနိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေဟာ မကြာသေးခင်က အီရန်မှာ ဆင်နွှဲခဲ့တဲ့ လေကြောင်း စစ်ဆင်ရေးတွေမှာလည်း ပါဝင် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ ပေ ၅၀၀၀၀ အမြင့်ကနေ ပျံသန်းရင်း ပေါင်ချိန် ၇၀၀၀၀ လောက်ရှိတဲ့ ဗုံးတွေကို ကြဲချနိုင်ပါတယ်။ သမားရိုးကျ ဗုံးအလုံးရေ ရာနဲ့ချီ တင်ဆောင်နိုင်သလို မဟာဗျူဟာ နျူကလီးယား ခရုစ်ဒုံးကျည် ၃၂ စင်းထိ တပ်ဆင်နိုင်စွမ်းလည်း ရှိပါတယ်။

အမေရိကန် အတွက်တော့ ၂ ရက်အတွင်း ဒုတိယမြောက် စစ်လေယာဉ် တစ်စီးကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်နေ့ကလည်း ဝါရှင်တန် ပြည်နယ်ထဲမှာ အမေရိကန် မရိန်းတပ်ဖွဲ့က အသုံးပြုနေတဲ့ F/A-18 Hornet တိုက်လေယာဉ်တစ်စီး ပျံသန်းနေရင်း စက်ချွတ်ယွင်းလို့ ပျက်ကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ လေယာဉ်မှူးဟာ လေထီးနဲ့ ခုန်ထွက်ပြီး အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။