Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ယုံကြည်ရတဲ့ မိတ်ဖက် မဟုတ်ဘူးလို့ စစ်တမ်းဖြေဆိုသူ အများစုယူဆ

ကမ္ဘာ့ အရေးအခင်းတွေအတွက် အမေရိကန်ဟာ ယုံကြည်ရတဲ့ မိတ်ဖက်ကောင်းလားဆိုတဲ့ စစ်တမ်းတစ်ခုမှာ ဖြေဆိုသူ အများစုက အဆိုးမြင် ရှုထောင့်ကနေ တုံ့ပြန်ခဲ့ကြပါတယ်။

ဓာတ်ပုံ - Getty Images

ကမ္ဘာ့ အရေးအခင်းတွေအတွက် အမေရိကန်ဟာ ယုံကြည်ရတဲ့ မိတ်ဖက်ကောင်းလားဆိုတဲ့ စစ်တမ်းတစ်ခုမှာ ဖြေဆိုသူ အများစုက အဆိုးမြင် ရှုထောင့်ကနေ တုံ့ပြန်ခဲ့ကြပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့် ဦးဆောင်နေတဲ့ အမေရိကန် အစိုးရဟာ ယုံကြည်ထိုက်တဲ့ မိတ်ဖက်မျိုး မဖြစ်နိုင်ဘူးလို့ နာမည်ကျော် သုတေသနဌာန Pewရဲ့ စစ်တမ်း ရလဒ်တွေက ညွှန်ပြနေပါတယ်။ အဲဒီ စစ်တမ်းကို ဖေဖော်ဝါရီ ၈ ရက်ကနေ မေလ ၁၃ ရက်အတွင်း နိုင်ငံပေါင်း ၃၆ ခုရဲ့ လူပေါင်း ၄၂၀၀၀ ဆီကနေ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ အီရန်ကို အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်း တိုက်ခိုက်နေခဲ့တဲ့ စစ်ပွဲ ကာလအတွင်း စစ်တမ်းကို အများစုက ဖြေဆိုခဲ့ကြပါတယ်။

အဲဒီစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေတွေ ကမောက်ကမ ဖြစ်ကုန်ပြီး နိုင်ငံတကာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ စစ်တမ်း ဖြေဆိုသူတွေရဲ့ သုံးပုံနှစ်ပုံလောက်က အမေရိကန်ဟာ ယုံကြည်ထိုက်တဲ့ မိတ်ဖက်နိုင်ငံ မဟုတ်တော့ဘူးလို့ အခိုင်အမာ မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်အစိုးရရဲ့ တစ်နှစ်ခွဲကြာ တာဝန်ယူမှု သက်တမ်းအတွင်း အငြင်းပွားစရာ အကောင်းဆုံး နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီး သဘောထား ကောက်ခံရာမှာတော့ အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီတွေကို ဖြတ်တောက် လျှော့ချတာတွေ၊ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေကို တင်းကျပ်ပြီး ရွှေ့ပြောင်း အခြေချသူတွေကို နှင်ထုတ်တာတွေ၊ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို စစ်အင်အား သုံးပြီး ဝင်ဖမ်းတာတွေ၊ ယူကရိန်းစစ်ပွဲမှာ ကြားဝင် ဖြေရှင်းဖို့ သူရွေးချယ်တဲ့ နည်းလမ်းတွေ၊ ဂရင်းလန်ကျွန်းကို သိမ်းယူမယ်လို့ ခြိမ်းခြောက်တာတွေ၊ ဂါဇာစစ်ပွဲမှာ ဝင်ရောက်စွက်ဖက်မှု ပုံစံတွေ အကြောင်းကို အဓိက ဆန္ဒပြု ဖြေကြားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

Pewရဲ့ အဆိုအရ တစ်နှစ်အတွင်း နိုင်ငံပေါင်း ၁၆ ခုလောက်မှာ ထရမ့်အပေါ် ယုံကြည်မှု အတိုင်းအတာက ထင်သာမြင်သာ ကျဆင်းသွားကြောင်း သိရပါတယ်။

စစ်တမ်းရလဒ်မှာတော့ ကမ္ဘာ့အရေးတွေမှာ ထရမ့်ကို ယုံကြည် အားကိုးသင့်ပါတယ်လို့ ထောက်ခံသူ အရေအတွက်က ၂၃ ရာခိုင်နှုန်းသာ ရှိခဲ့တာကို တွေ့ရပါတယ်။ အဲဒီ အချိုးအစားဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ ၃၄ ရာခိုင်နှုန်း၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ၃၁ ရာခိုင်နှုန်းထက် ပိုနည်းပါတယ်။ အဓိကကျတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ ထရမ့်ထက် ထောက်ခံသူ နည်းတာဆိုလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုသာ ၁၈ ရာခိုင်နှုန်းနဲ့ ရှိနေပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ ယုံကြည်ထိုက်သူလို့ စစ်တမ်းဖြေဆိုသူ ၄၃ ရာခိုင်နှုန်းရှိပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုတော့ ၃၅ ရာခိုင်နှုန်းက ထောက်ခံခဲ့ပါတယ်။

အီတလီမှာ ဆိုရင်တော့ စစ်တမ်းဖြေဆိုသူတွေထဲက လက်ယာစွန်း နိုင်ငံရေး အင်အားစုတွေကြားမှာ အရင်လို ထရမ့်ကို ယုံကြည်ထောက်ခံတာမျိုး သိသိသာသာ လျော့နည်းသွားပါတယ်။ ဒါဟာ ထရမ့်နဲ့ လက်ယာယိမ်း အီတလီ လက်ရှိ ဝန်ကြီးချုပ် ဂျော်ဂျီယို မယ်လိုနီတို့ကြား လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ မတိုင်ခင်ကတည်းက ရလဒ်လည်း ဖြစ်ပါတယ်။

ထရမ့်က မယ်လိုနီဟာ G7ညီလာခံမှာ သူနဲ့ အတူ ဓာတ်ပုံတွဲ အရိုက်ခံရဖို့ ခယတောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့တဲ့နောက် အီတလီ ဝန်ကြီးချုပ်က သူရော၊ အီတလီ နိုင်ငံပါ ဒါမျိုး အောက်ကျို့တာတွေ ဘယ်တော့မှ မလုပ်ဘူးလို့ အတိအလင်း တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook