ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပြန်လည် စတင်လာတဲ့ တိုက်ခိုက်မှုတွေကို နှစ်ဖက်စလုံးက ရပ်တန့်ဖို့ အီရန်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း အမေရိကန် အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။
ဟောမုဇ် ရေလက်ကြား တဝိုက်က တင်းမာမှုတွေကို အကြောင်းပြုပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမေရိကန်နဲ့ အီရန်တို့ဟာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ စစ်ပြေငြိမ်းရေး ဆွေးနွေးဖို့ သတ်မှတ်ထားတဲ့ ကြားကာလမှာ အခုလို ရန်လိုမှုတွေ ပြန်လည် စတင်လာတာကြောင့် ငြိမ်းချမ်းရေး အားထုတ်မှုအပေါ် သက်ရောက် ထိခိုက်လာမှာ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
အီရန်ဟာ ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း သွားလာနေတဲ့ အရပ်ဖက်ရေယာဉ် အနည်းဆုံး နှစ်စီးကို ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပြီး အမေရိကန်ကလည်း အီရန်ရဲ့ လုပ်ရပ်က စစ်ပြေငြိမ်းရေး ကတိတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး အီရန် စစ်ရေးပစ်မှတ် တချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် အီရန်က ကူဝိတ်နဲ့ ဘာရိန်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။
ဇွန်လ ၂၈ ရက်နေ့မှာတော့ အဲဒီ တင်းမာမှုတွေကို ရပ်တန့်ပြီး လွန်ခဲ့တဲ့ ၂ ပတ်လောက်တုန်းက သဘောတူထားတဲ့အတိုင်း ဆွေးနွေးမှုတွေ ပြန်စဖို့ နှစ်ဖက် ညှိနှိုင်း အဆင်ပြေခဲ့တယ်လို့ အမည်မဖော်လိုသူ အမေရိကန် စစ်ဖက် အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

Public Service Announcement
စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)မှာပါတဲ့ အချက်အလက်တွေအတိုင်း ဆွေးနွေးမှုတွေ ရှေ့ဆက်မှာ ဖြစ်ကြောင်း၊ အခုအခါ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေကို ရပ်တန့်ထားပြီး ဟောမုဇ်မှာ ရေယာဉ်တွေ လွတ်လွတ်လပ်လပ် ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။
အီရန်စစ်ပွဲ ကာလအတွင်း လအတော်ကြာ ဟောမုဇ်မှာ ပိတ်မိနေခဲ့တဲ့ ရေယာဉ်တွေပေါ်က သင်္ဘောသား ၁၀၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးနေတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန်ရဲ့ မစ်ရှင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြန်စလာတဲ့ တိုက်ခိုက်မှုတွေကြောင့် ယာယီ ဆိုင်းငံ့ထားခဲ့ရပါတယ်။
အီရန်က ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းတဲ့ ရေယာဉ်တွေဟာ အီရန် အသိအမှတ်ပြု သတ်မှတ်ပေးထားတဲ့ ရေလမ်းကြောင်း အတိုင်းပဲ မောင်းနှင်ဖို့၊ ကန့်သတ် ရေပြင်ဧရိယာတွေထဲ မဝင်ရောက်ဖို့ တင်းတင်းကျပ်ကျပ် သတိပေးထားပါတယ်။
ဟောမုဇ်မှာ ဖြတ်သန်းခုတ်မောင်းတဲ့ အရပ်ဖက် ရေယာဉ်တွေကို အီရန်က တိုက်ခိုက်ခဲ့လို့ တင်းမာမှုတွေ မြင့်တက်လာခဲ့ချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန် အနေနဲ့ စစ်အင်အားသုံး ဖြေရှင်းရတဲ့ နည်းလမ်းကို ပြန်မရွေးချယ်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီအခြေအနေမျိုးဆီ ပြန်ရောက်လာရင် အီရန်နိုင်ငံပါ ပျောက်ကွယ်သွားနိုင်တယ်လို့ ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား ပြေငြိမ်းမှု ပြန်ရသွားပေမယ့် လက်ဘနွန်မှာတော့ အမေရိကန် မဟာမိတ် အစ္စရေးစစ်တပ်နဲ့ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ တိုက်ပွဲတွေက အရှိန်မသေသေးပါဘူး။ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် နှစ်ဖက်စလုံးက အပစ်ရပ်ဖို့ သဘောတူထားပေမယ့် တိုက်ခိုက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေတာပါ။ ဇွန်လ ၂၈ ရက်နေ့မှာတော့ လက်ဘနွန် တောင်ပိုင်းက မြေအောက်မှာ တည်ဆောက်ထားတဲ့ ဟစ်ဇ်ဘိုလာ စစ်ရေး အခြေခံ အဆောက်အအုံတွေကို အစ္စရေး လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































