ဂျော်ဒန်နိုင်ငံ ပိုင်နက်ထဲ အီရန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၂ ဦးသေပြီး ၁ ဦးပျောက်ဆုံးနေကြောင်း သိရပါတယ်။
ဇူလိုင် ၁၇ ရက်နေ့က အီရန်ဟာ ဂျော်ဒန်နိုင်ငံထဲမှာ ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေ ပစ်လွှတ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အီရန်က စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က အီရန် တိုက်ခိုက်မှုအတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၂ ဦးသေ၊ ၁ ဦးပျောက်ဆုံးနေကြောင်း၊ ၄ ဦးကို ဆေးရုံတင်ခဲ့ရပေမယ့် အခုတော့ ဆေးရုံ ပြန်ဆင်းလာပြီဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ နောက်ထပ် ဒဏ်ရာအနည်းအကျဉ်း ရသူတွေကတော့ တာဝန်ပြန်လည် ထမ်းဆောင်နေပြီလို့ CENTCOMက ဆိုပါတယ်။
ဂျော်ဒန်နိုင်ငံရဲ့ ဘယ်နေရာမှာ တိုက်ခိုက်ခံရလို့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလဲ ဆိုတာနဲ့ သေဆုံးသူတွေ ဘယ်သူလဲ ဆိုတာကိုတော့ CENTCOMက မထုတ်ပြန်ခဲ့ပါဘူး။ ဇူလိုင် ၁၈ ရက် ညပိုင်းမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ညွှန်ကြားချက်အရ အီရန်ပိုင်နက်ထဲမှာ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း CENTCOMက အတည်ပြုခဲ့ပါတယ်။
၈ ညဆက်တိုက်အဖြစ် လုပ်ဆောင်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုတွေရဲ့ ဟောမုဇ် ရေလက်ကြားမှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ အရပ်ဖက် ရေယာဉ်တွေအပေါ် အီရန်ရဲ့ ရန်ပြုနိုင်စွမ်းကို ထိထိရောက်ရောက် လျှော့ချဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့လည်း CENTCOMက ထုတ်ပြန်ပါတယ်။

Public Service Announcement
နောက်ပြီး ဂျော်ဒန်မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကို ပြစ်ဒဏ်ခတ်ဖို့လည်း အခုနောက်ဆုံး တိုက်ခိုက်မှုတွေက ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
အီရန်နဲ့ အမေရိကန်ကြားက အပစ်ရပ် သဘောတူညီမှုဟာ လုံးဝ ပျက်စီးသွားပြီလို့ ဆိုနိုင်ပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အမေရိကန်ဟာ အီရန် ဆိပ်ကမ်းတွေ၊ ကမ်းရိုးတန်း ရေဒါစခန်းတွေ၊ ဒုံးကျည်နဲ့ ဒရုန်းပစ်စင်တွေအပြင် လမ်း၊ တံတား၊ လေဆိပ်စတဲ့ အခြေခံ အဆောက်အအုံတွေကိုပါ တိုက်ခိုက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း အီရန်က ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်တပ် ဖြန့်ကျက်တဲ့ နေရာတွေကို ပစ်မှတ်ထား လက်တုံ့ပြန်နေပါတယ်။
နောက်ထပ် တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကြောင်း အမေရိကန်ရဲ့ အတည်ပြု ထုတ်ပြန်ချက်ကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တဲ့ အီရန်စစ်ပွဲနောက်ပိုင်း အမေရိကန်ရဲ့ စစ်သည် ဆုံးရှုံးမှု အရေအတွက်ဟာ ၁၆ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။ ပြီးတော့ ဒဏ်ရာရသူ ၄၃၀ လောက်ထိ ရှိခဲ့ပြီး အများစုကတော့ အီရန်ရဲ့ ဖောက်ခွဲရေး ဒရုန်းတွေဆီက ပေါက်ကွဲမှုလှိုင်းတွေ ဦးနှောက်ကို ထိခိုက် ရိုက်ခတ်တဲ့ဒဏ်ကို ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































