ဟောမုဇ် ရေလက်ကြားကို အီရန်က ထိန်းချုပ်ဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် အန္တရာယ် များလှတဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြုံလာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ တက်ရောက်နေချိန် ဇူလိုင် ၂၂ ရက်နေ့မှာ ရူဘီရိုက အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံမှာတော့ အရှေ့အလယ်ပိုင်း ဒေသတွင်း စစ်ပွဲကြောင့် လောင်စာဆီ အကျပ်အတည်းတွေ ဖြစ်ပေါ်လာနိုင်ခြေဟာ အရေးကြီးတဲ့ ဆွေးနွေးမှု ခေါင်းစဉ်တစ်ခု ဖြစ်လာပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်း တိုက်ခိုက်ရာက အီရန်စစ်ပွဲ စတင်လာခဲ့တဲ့နောက် အီရန် အစိုးရဟာ နိုင်ငံတောင်ပိုင်းက အချက်အခြာ မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ကို ထိန်းချုပ်နိုင်ဖို့ ပိုမို အားထည့် လုပ်ဆောင်လာပါတယ်။ ဟောမုဇ်ဟာ ကမ္ဘာ့ရေနံနဲ့ လောင်စာဆီ စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် နှစ်စဉ် ဖြတ်သန်းနေတဲ့ ရေလမ်းကြောင်းလည်း ဖြစ်ပါတယ်။

Public Service Announcement
အီရန်နဲ့ အမေရိကန်တို့ဟာ အပစ်ရပ် သဘောတူညီမှု ရရှိထားခဲ့ရာကနေ အခုအခါမှာတော့ စစ်ရေးပဋိပက္ခ ပြန်လည်စတင်နေပြီး ဇူလိုင် ၂၁ ရက်နေ့မှာ အမေရိကန်ဟာ အီရန်ပိုင်နက်ထဲ ၁၁ ညဆက်တိုက် စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။
နိုင်ငံတကာ ရေလမ်းကြောင်း တစ်ခုကို နိုင်ငံတစ်ခုတည်းက ထိန်းချုပ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်အတွက် အခွန်ကောက်ခံတာတွေ၊ ငွေမပေးတဲ့ သင်္ဘောတွေကို တိုက်ခိုက် ဖောက်ခွဲပစ်တာတွေကို ထုံးတမ်း တစ်ခု အနေနဲ့ ခွင့်ပြုလိုက်မယ်ဆိုရင် ကမ္ဘာကြီးရဲ့ တခြားသော အစိတ်အပိုင်းတွေမှာလည်း တူညီတဲ့ အလားတူ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာမယ့် အန္တရာယ်မျိုး ကြီးကြီးမားမား ရှိနေကြောင်း၊ ဒီကိစ္စဟာ အာဆီယံ ဒေသတွင်းမှာလည်း ကြုံရနိုင်ကြောင်း ရူဘီရိုက ပြောကြားခဲ့ပါတယ်။
အနှစ်ချုပ်အားဖြင့်တော့ အီရန်ဟာ ဟောမုဇ်ကို ထိန်းချုပ်ပြီး အခွန်ကောက်ဖို့ အခွင့်အရေးကို တောင်းဆိုနေကြောင်း၊ ဒါဟာ လက်ရှိ ဥပဒေတွေအရ ဘယ်လိုမှ ခွင့်ပြုလက်ခံနိုင်စရာ ကိစ္စမရှိကြောင်းလည်း ရူဘီရိုက ဆက်ပြောပါတယ်။ တစ်နည်းအားဖြင့် အီရန်ရဲ့ တောင်းဆိုမှုဟာ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်ရဲ့ အခြေခံ အကျဆုံး စည်းမျဉ်းတွေကို ထိပါး ခြိမ်းခြောက်လာတာဖြစ်ကြောင်းလည်း ရူဘီရိုက မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတချို့ဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းအခုံတွေ အရှိန်မြင့်တက်နေချိန်မှာ ရူဘီရိုက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က တောင်တရုတ်ပင်လယ် ရေပြင်တစ်နေရာမှာ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ လှေနဲ့ ဖိလစ်ပိုင် ရေတပ်ရဲ့ လှေငယ်တစ်စီး ထိပ်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်က တရုတ်ကို ရှုတ်ချခဲ့ပြီး မကြာခင်မှာပဲ ရူဘီရိုဟာ ဖိလစ်ပိုင်ကို ရောက်ရှိလာတာပါ။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ညီလာခံကို တက်ရောက်ဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာလည်း ဖိလစ်ပိုင်ကို ရောက်ရှိနေပါတယ်။
ကိုးကား: AFP


















































