စက်တင်ဘာ – ၂၀ ၊၂၀၂၆
မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက တော်ပွန်း ဘူတာရုံနားမှာ ဝါယာရှော့ကနေ ရထားလမ်း မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မီးကို ထိန်းချုပ် ငြှိမ်းသတ်ခဲ့တဲ့နောက် ဘန်အိုဒေသ မီးသတ်ဌာနက MRT ရထားပြေးဆွဲမှုအတွက် အသုံးပြုတဲ့ ဓာတ်ကြိုးတွေ မီးလောင်ထားတာကိုလည်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။
ဘယ်လိုဘယ်ပုံ မီးစလောင်သလဲ၊ ပြီးတော့ ဘယ်ရထားခရီးစဉ်တွေမှာ ထိခိုက်နှောင့်နှေးမှုတွေ ရှိခဲ့သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ မီးလောင်မှု ဖြစ်ချိန်တုန်းက ရထားလမ်းပေါ်က မီးတောက်တွေကို အထင်အရှား တွေ့ခဲ့ရကြောင်း မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement
မီးကို ငြှိမ်းသတ်ပြီးနောက်ပိုင်း သက်ဆိုင်ရာ အစိုးရ ဌာနတွေနဲ့ အေဂျင်စီတွေက တာဝန်ရှိသူတွေလည်း အခင်းဖြစ်ရာ နေရာကို အရေးတကြီး သွားရောက်ပြီး နောက်ဆက်တွဲ အခြေအနေတွေကို အထိရောက်ဆုံး ကိုင်တွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။
ရထားလမ်း မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။ ဒါပေမဲ့ မီးလောင်တဲ့ နေရာကနေ ကျတဲ့ မီးပွားတွေကြောင့် မိုးပျံရထားလမ်း အောက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးတော့ ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကလည်း ရထားလမ်းမှာ ဝါယာရှော့ကနေ အပူလွန်ကဲရာက မီးစလောင်တယ်လို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲလို့ ဆိုပါတယ်။ ပြီးတော့ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဆန်းစစ်ပြီး အရေးပေါ် ပြင်ဆင်မှုတွေ အတွက်လည်း တာဝန်ရှိသူတွေက လိုအပ်တာတွေကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရပါတယ်။
ကိုးကား – Bangkok Post



















































