Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ အချိန်မရွေး စစ်ပြန်တိုက်ဖို့ အသင့်ရှိနေတယ်လို့ အစ္စရေး ဝန်ကြီးချုပ်ကြုံးဝါး

အပစ်ရပ်ထားပေမယ့် အီရန်နဲ့ စစ်ပြန်တိုက်ရမယ် ဆိုရင်လည်း အသင့်ပဲလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ဧပြီ – ၉၊၂၀၂၆

အပစ်ရပ်ထားပေမယ့် အီရန်နဲ့ စစ်ပြန်တိုက်ရမယ် ဆိုရင်လည်း အသင့်ပဲလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နဲ့ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲဖို့ သဘောတူထားပါတယ်။ ဒါပေမဲ့ အဲဒီ သဘောတူညီချက်မှာ လက်ဘနွန်နိုင်ငံ အကျုံးမဝင်ဘူးဆိုပြီး အစ္စရေးက လက်ဘနွန် အခြေစိုက် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို ဆက်လက် တိုက်ခိုက်နေပါတယ်။

အီရန်က အဲဒီအခြေအနေကို ကန့်ကွက်ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် နောင်တရသွားအောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အပစ်ရပ် သဘောတူညီမှု စတင်ရရှိပြီး တစ်ရက်လောက် အကြာမှာပဲ မတည်မငြိမ် ဖြစ်လာတဲ့နောက် ဧပြီ ၈ ရက်မှာ နေတန်ညာဟုက ရှင်းရှင်းလင်းလင်း ပြောချင်တာ တစ်ချက်ရှိကြောင်း၊ အစ္စရေးမှာ မပြည့်မြောက်သေးတဲ့ ရည်မှန်းချက်တွေ ကျန်နေဆဲဖြစ်ကြောင်း၊ အဲဒါတွေကို ရရှိဖို့အတွက် ဆွေးနွေး ညှိနှိုင်းပြီးဖြစ်စေ၊ တိုက်ပွဲတွေ ပြန်စပြီးဖြစ်စေ အားထုတ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လောလောဆယ် အပစ်ရပ်ထားပေမယ့် လိုအပ်လာမယ့် အချိန်တိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်စဖို့လည်း အစ္စရေးက ပြင်ဆင်ထားပြီးဖြစ်သလို သေနတ်မောင်းခလုတ်ပေါ်က လက်ညှိုးကို မဖယ်ရသေးဘူးလို့ နေတန်ညာဟုက ဆိုပါတယ်။

အပစ်ရပ်လိုက်တာဟာ စစ်ဆင်ရေး ပြီးဆုံးတာ မဟုတ်ပေမယ့် အစ္စရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ ပိုနီးလာစေတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး အပစ်ရပ်လိုက်ချိန်မှာ အီရန်ဟာ အကြီးအကျယ် အထိနာပြီး အားလျော့နေတဲ့ အခြေအနေထိ ရောက်နေတာလို့ နေတန်ညာဟု ပြောပါတယ်။

နေတန်ညာဟုက အစ္စရေးရဲ့ စစ်ပွဲ ရည်မှန်းချက်ဟာ နိုင်ငံအတွက် ပြည်ပခြိမ်းခြောက်မှုကြီး ဖြစ်နေတဲ့ အီရန် နျူကလီးယား စီမံကိန်းကို အပြီးတိုင် ဖျက်ဆီးဖို့၊ ဒါမှမဟုတ် အကြီးအကျယ် ဦးချိုးပစ်ဖို့ ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။

ဒါ့အပြင် အီရန်ရဲ့ တိုက်ချင်းပစ် ဒုံးကျည် စွမ်းရည်ကို လျှော့ချနိုင်ဖို့၊ ဒေသတွင်းက မဟာမိတ် ပြောက်ကျားတွေကို အီရန်က ချုပ်ကိုင်ထားတဲ့ ကွန်ရက်ကို ဖျက်ဆီးပစ်ဖို့တွေလည်း အစ္စရေးက ရည်မှန်းထားတယ်လို့ သူက ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

တစ်လကျော် ကြာမြင့်ခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးဟာ အီရန် ပိုင်ဆိုင်ထားတဲ့ ဒုံးကျည်တွေကိုသာ မကဘဲ အသစ်ထုတ်လုပ်မယ့် စက်ရုံတွေကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း၊ စစ်ပွဲမှာ အီရန် ပစ်ခတ်နေတာတွေက သိုလှောင်ထားတဲ့ ဒုံးကျည် လက်ကျန်တွေဖြစ်ပြီး တဖြည်းဖြည်းနဲ့ အရေအတွက် ကျဆင်း ယုတ်လျော့လာနေကြောင်းလည်း နေတန်ညာဟုက မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေးဟာ အီရန် နျူကလီးယား စီမံကိန်းကိုလည်း အပြင်းအထန် ထိခိုက်စေခဲ့ပြီး အရေးအပါဆုံး အခြေခံ အဆောက်အအုံတွေ၊ ဓာတ်ပေါင်းချောင် စက်ရုံတွေကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ နေတန်ညာဟုက အီရန်ရဲ့ သန့်စင်ပြီးသား ယူရေနီယမ်တွေကိုပါ ဖယ်ရှားပစ်နိုင်ဖို့ အစ္စရေးက ရည်ရွယ်ထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။

သူက အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး စစ်ပွဲကို ဆင်နွှဲနိုင်ခဲ့တာကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ သမိုင်းဝင် စစ်ဆင်ရေး တစ်ရပ်ကို အတူပူးပေါင်း ဆင်နွှဲနိုင်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းမှာ တွေ့မြင်ဖူးသမျှ အကြီးမားဆုံး စစ်ဆင်ရေး ဖြစ်လာကြောင်း၊ နှစ်နိုင်ငံစလုံးရဲ့ အကြီးမားဆုံး ရန်ဘက်အပေါ် လက်တွဲတိုက်ခိုက်မှုတွေထဲမှာလည်း ဒီစစ်ပွဲဟာ မကြုံစဖူး ထူးကဲတဲ့ ပေါင်းစည်းမှုတစ်ခု ဖြစ်ခဲ့ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား – AFP
ဓာတ်ပုံ – Getty

အစ္စရေးဝန်ကြီးချုပ်

ဘင်ဂျမင်နေတန်ညာဟု

အီရန်

အစ္စရေး

အီရန်စစ်ပွဲ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။