အမြဲတမ်း နေထိုင်ခွင့် (PR) လျှောက်ထားတဲ့ နိုင်ငံခြားသားတွေအတွက် သတ်မှတ်နှုန်းထားကို ဂျပန်က အဆ ၂၀ တရားဝင် တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ကစလို့ PR လျှောက်ထားသူတွေဟာ ယခင်နှုန်းထားထက် အဆ ၂၀ ပိုများတဲ့ ယန်း ၂ သိန်း ပေးချေရမှာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ ၁၂၇၀ လောက်နဲ့ ညီမျှပါတယ်။
ဒါ့အပြင် PR လျှောက်ထားမှုဆိုင်ရာ စည်းမျဉ်း အသစ်တွေကိုလည်း သတ်မှတ်လိုက်ပါတယ်။ အဲဒီ သတ်မှတ်ချက်တွေထဲမှာ ပုံမှန်ဝင်ငွေ ပမာဏ၊ ပင်စင်ကိစ္စနဲ့ ဂျပန်ဘာသာစကား တတ်မြောက်မှု စတာတွေနဲ့ ပတ်သက်ပြီးလည်း ပိုမို တင်းကျပ်ထားလိုက်ပါတယ်။
နှုန်းထားတိုးမြှင့်မှာကို ရှောင်ရှားဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုကျိုမှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေး ဗျူရိုမှာ PR လာရောက်လျှောက်ထားသူတွေ လူတန်းရှည်ကြီး ဖြစ်နေပါတယ်။ တချို့တွေဟာ အချိန် ၇ နာရီလောက်ကြာအောင် တန်းစီ စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement
PR နှုန်းထားတွေ တိုးမြှင့်လိုက်တာဟာ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိ အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒ အပြောင်းအလဲတွေထဲက အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ တကအိချိက ဂျပန်မှာ နိုင်ငံခြားသား ဦးရေ အရမ်းတိုးလာနေတာကို ပြန်လည် ကြပ်မတ် ကိုင်တွယ်ဖို့ လိုနေပြီလို့ ပြောပါတယ်။
ဇူလိုင်လတုန်းကလည်း ဂျပန်ဟာ နိုင်ငံခြားသား အားလုံးအတွက် ဗီဇာကြေးကို ကနဦးထက် ၅ ဆ တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း ဂျပန်ရဲ့ ပထမဆုံး ဗီဇာနှုန်းထား အပြောင်းအလဲလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေကတော့ ဒီလို ပြောင်းလဲရတာဟာ ကုန်စျေးနှုန်း မြင့်တက်မှု၊ ငွေလဲနှုန်းတွေနဲ့ ကိုက်ညီအောင် စီမံတာ ဖြစ်တယ်လို့ ပြောပါတယ်။
တကအိချိက နိုင်ငံခြားသား အများအပြား ဝင်ရောက်မှုကို ဟန့်တားထိန်းညှိလိုတဲ့ သဘောမျိုး ပြောထားပေမယ့် တစ်ဖက်မှာလည်း အဲဒီမူဝါဒနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ အခြေအနေတွေ ရှိနေပါတယ်။ ဂျပန်မှာ အသက်အရွယ် ကြီးရင့်သူ ဦးရေက တရိပ်ရိပ် တိုးလာနေပြီး လုပ်အားရင်းမြစ်အတွက် နိုင်ငံခြားသားတွေအပေါ် ပိုမို မှီခိုလာနေရတာကြောင့်ပါ။ ဗီဇာကြေးတွေ၊ PRကြေးတွေ တိုးမြှင့်လိုက်ခြင်းက နိုင်ငံခြားသားလုပ်သား ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ဂျပန်မှာ ရှိနေတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၂၀၂၅ နှစ်ကုန်မှာ ၄.၁၂ သန်း ကျော်လွန်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ၂၀၂၄ နှစ်ကုန် ကိန်းဂဏန်းတွေထက် ၉.၅ ရာခိုင်နှုန်း တိုးလာတာဖြစ်ပြီး နှစ်အလိုက် တိုးပွားမှုနှုန်းမှာ စံချိန်သစ် ဖြစ်လာခဲ့ပါတယ်။
ကိုးကား: BBC



















































