အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ ဖြစ်စဉ်မှာတော့ အိုမန်သား တွဲဖက်လေယာဉ်မှူးဟာ အိန္ဒိယ နိုင်ငံသား လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို မြေပြင်ပေါ် စိုက်ဆင်းဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ လေယာဉ်မှူးက အခန်းတံခါးကို ရအောင်ဖွင့်ပြီး အကူအညီ တောင်းခံခဲ့တာကြောင့် ခရီးသည်တွေက တိုက်ခိုက်သူကို လက်ရ ဝိုင်းဖမ်းခဲ့သလို လေယာဉ်ကလည်း ဆော်ဒီအာရေးဘီးယား နိုင်ငံမှာ အရေးပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ Flydubai လေကြောင်းလိုင်းက ပိုင်ဆိုင်တဲ့ လေယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စ နောက်ကွယ်မှာ အီရန်ရဲ့ ပတ်သက်မှု ရှိကောင်း ရှိနိုင်တယ်လို့ ထရမ့်ရော၊ ယူအေအီး အစိုးရ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ကို အီရန်က ညွှန်ကြား ကြိုးကိုင်တယ် ဆိုတာမျိုးတော့ တိတိကျကျ စွပ်စွဲမထားပါဘူး။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက တွဲဖက်လေယာဉ်မှူးဟာ အစွန်းရောက် အစ္စလာမ်မစ် ဝါဒ သွတ်သွင်းခံထားရတယ်လို့ ပြောကြားခဲ့ပေမယ့် လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ အတိအကျ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

Public Service Announcement
အိမ်ဖြူတော်မှာ သတင်းထောက်တွေက ဒီကိစ္စ နောက်ကွယ်မှာ အီရန် ပါဝင်ပတ်သက်နိုင်သလားလို့ မေးမြန်းကြတဲ့အခါ ထရမ့်က သူကြားထားတဲ့ အချက်အလက်တွေ အရဆိုရင် ဒီကိစ္စက အမှန်ပဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ စုံစမ်းမှုတွေကို ဆက်လုပ်နေကြောင်း ပြန်ဖြေခဲ့ပါတယ်။
တကယ်လို့ ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ တကယ်ပဲ အီရန် ရှိနေရင် အမေရိကန်က လက်တုံ့ပြန်မလားလို့ ဆက်မေးတဲ့အခါ ထရမ့်က ဒါဆိုရင်တော့ အီရန်ဟာ ပြင်းပြင်းထန်ထန် ထိခိုက်သွားမှာဖြစ်ကြောင်း၊ ဒါကိစ္စကိုတော့ စိုးရိမ်ဖို့ မလိုကြောင်း ပြောပါတယ်။
တစ်ဖက်မှာတော့ အီရန်အစိုးရက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ ဖားစ်သတင်းဌာနက အစ္စရေးဟာ ဒေသတွင်းက လေကြောင်းတိုက်ခိုက်မှုတွေကို ကျူးလွန်ပြီး အီရန်အပေါ် အပြစ်ပုံချဖို့ ကြိုးစားနေတယ်ဆိုတဲ့ အထောက်အထားတွေကို အီရန် ထောက်လှမ်းရေးက ရရှိထားကြောင်း၊ Flydubai လေယာဉ် ဖြစ်စဉ်မှာလည်း အီရန်နဲ့ တိုက်ရိုက် ဆက်နွှယ်တယ်ဆိုတဲ့ ဘယ်လိုခိုင်မာတဲ့ အထောက်အထားမှ ရှိမနေကြောင်း ရေးသားထားပါတယ်။
မကြာသေးခင်က Time မဂ္ဂဇင်းက ဖော်ပြတဲ့ အင်တာဗျူးမှာတော့ ထရမ့်က နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲပြီးရင် အီရန်ကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြန်စစေဖွယ် ရှိတယ်လို့ ပြောကြားထားပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြန်စဖို့က ဖြစ်နိုင်ခြေ ရှိကြောင်း၊ အီရန်ကို ချေမှုန်း ဖျက်ဆီးပစ်လိုက်ခြင်းဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖန်တီးလိုက်တဲ့ အဓိပ္ပါယ်ဖြစ်ကြောင်း၊ အီရန် ရှိနေသ၍ ငြိမ်းချမ်းရေးဆိုတာလည်း ဖြစ်နိုင်ခြေ မရှိကြောင်း ထရမ့်က ဆိုပါတယ်။
နီးစပ်သူတွေရဲ့ အဆိုအရ ထရမ့်ဟာ နိုဝင်ဘာ လကုန်လောက်ကျရင် အီရန်ကို ဗုံးကြဲတဲ့ စစ်ဆင်ရေးတွေ ပြန်စဖို့ ရည်ရွယ်ထားတယ်လို့ သူ့ရဲ့ အတွင်းစည်း အရာရှိတွေဆီ အသိပေးထားကြောင်း သိရပါတယ်။
ကိုးကား: AFP


















































