Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေလီမှာ အတိုက်အခံတွေ ဦးဆောင်ပြီး လူပေါင်းထောင်ချီ ချီတက် ဆန္ဒပြ

အတိုက်အခံ နိုင်ငံရေးပါတီတွေ ဦးဆောင်ပြီး လူပေါင်း ထောင်နဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ဒေလီက အိန္ဒိယ တရားရုံးချုပ်ဆီ ချီတက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

အတိုက်အခံ နိုင်ငံရေးပါတီတွေ ဦးဆောင်ပြီး လူပေါင်း ထောင်နဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ဒေလီက အိန္ဒိယ တရားရုံးချုပ်ဆီ ချီတက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အိန္ဒိယ အစိုးရဟာ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ လုံခြုံရေးအင်အား အလုံးအရင်း ဖြန့်ကျက်ထားပေမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ‘ဒီမိုကရေစီအတွက် ချီတက်ခြင်း’ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတိုက်အခံ ပါတီတွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်စလို့ ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပါဝင်သူတွေ၊ သတင်းယူတဲ့ ဂျာနယ်လစ်တွေကိုလည်း အရေအတွက် ထောင်နဲ့ချီပြီး အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ ချီတက်ပွဲတွေမှာတော့ အိန္ဒိယ အောက်လွှတ်တော် အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီက ဦးဆောင်ပါဝင်ခဲ့သလို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားရုံးက စုံစမ်းစစ်ဆေးပေးဖို့ လူအများက ဝိုင်းဝန်းလက်မှတ်ရေးထိုး တောင်းဆိုထားမှု တစ်ခုကိုလည်း လွှတ်တော်ဆီ ပေးအပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲမှာ သန်းပေါင်းများစွာသော ပြည်သူတွေဟာ မဲစာရင်းထဲကနေ အကြောင်းအမျိုးမျိုးပြပြီး ဖယ်ရှားခံခဲ့ရကြောင်း၊ အဲဒီအခြေအနေက ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဦးဆောင်တဲ့ အာဏာရပါတီ အနိုင်ရဖို့ အထောက်အကူ ဖြစ်စေခဲ့ကြောင်း အတိုက်အခံတွေ စွပ်စွဲထားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲဖြစ်သူ ဂျန်နက်ရှ်ကူးမား တာဝန်ယူ နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုနေကြတာပါ။

အာဏာရ ဘာရတ်တီယာ ဂျန်နက်တာ ပါတီ (BJP)နဲ့ ကော်မရှင်တို့ကတော့ အခုစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အတိုက်အခံ အင်အားစုတွေဟာ ကော်မရှင်ကို ဆန္ဒပြဖို့အတွက် အာဏာပိုင်တွေဆီ ခွင့်တောင်းထားပေမယ့် ရဲတွေက ဥပဒေနဲ့ ငြိမ်ဝပ်ပိပြားမှု အကြောင်းပြချက်တွေပေးပြီး သီတင်းပတ် အတော်များများ တောက်လျှောက် ငြင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှု အစုအဖွဲ့ဖြစ်ပြီး BJPကို လှောင်ပြောင်ထားတဲ့ ပိုးဟပ်ပြည်သူ့ပါတီ (CJP) ဦးဆောင်ပြီး ဆန္ဒပြမယ့် အစီအစဉ်တွေကိုလည်း အာဏာပိုင်တွေက အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ တားမြစ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့ ချီတက်ပွဲတွေမှာတော့ အတိုက်အခံ ပါတီအားလုံး၊ လူမှုအဖွဲ့အစည်းအားလုံးနဲ့ ဒီမိုကရေစီအပေါ် သက်ဝင်ယုံကြည်သူအားလုံး စုဝေးပါဝင်ကြဖို့ ဂန္ဒီက တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကူးမားအပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ လူထုကိုယ်စား စိုးရိမ်တဲ့ အခြေအနေတွေကို သူနဲ့ ကွန်ဂရက် ဥက္ကဋ္ဌ မာလီကာဂျွန်ခါဂီတို့ ရေးသားထားတဲ့ စာတစ်စောင်ကိုလည်း ဂန္ဒီက မျှဝေခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က အတိုက်အခံတွေ ဦးဆောင်တဲ့ ဆန္ဒပြ ချီတက်ပွဲ ပြုလုပ်နေချိန် ဒေလီမြို့လယ်မှာရော၊ ချီတက်ရာ လမ်းကြောင်းတလျှောက်မှာပါ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့တာကို တွေ့ရပါတယ်။ ထောက်ခံအားပေးတဲ့ ပြည်သူတချို့ကတော့ နိုင်ငံတော် အလံတွေကို ဝှေ့ယမ်းရင်း ဂန္ဒီရဲ့ နာမည်ကို အော်ဟစ်အားပေး နှုတ်ဆက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဂန္ဒီအပါအဝင် ထိပ်တန်း အတိုက်အခံ နိုင်ငံရေးသမား တချို့ဟာ ဒေလီက ဆန္ဒပြပွဲတွေအတွင်း ယာယီထိန်းသိမ်း ခံရတာတွေ ကြုံတွေ့ခဲ့ပါတယ်။ အတိုက်အခံ ပါတီတွေရဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာနေသလို တစ်ချိန်တည်းမှာပဲ တရားဝင် နိုင်ငံရေးပါတီတစ်ခု မဟုတ်တဲ့ ပိုးဟပ်လှုပ်ရှားမှုအဖွဲ့ (CJP)ကလည်း ကူးမား နုတ်မထွက်မချင်း ဆက်လက် ဆန္ဒပြသွားမယ်လို ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံက ခရီးသည်တင် လေယာဉ်တစ်စီးပေါ်မှာ ပါဝါဘန့်ခ် မီးလောင်မှုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အိန္ဒိယမှာ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ပိုးဟပ်ပြည်သူ့ပါတီ (CJP) ထူထောင်သူ အက်ဘ်ဟီဂျိထိ ဒစ်ပ်ကီကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

လူငယ်အများစု ပါဝင်ပြီး အစိုးရကို သရော်လှောင်ပြောင်ထားတဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှု ခေါင်းဆောင်တွေ အပါအဝင် ဆန္ဒပြသူတွေ၊ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေ၊ ကျောင်းသား သမဂ္ဂ ခေါင်းဆောင်တွေ၊ ရှေ့နေတွေ စုစုပေါင်း လူ ၁၀၀၀ ကျော်လောက်ကို အိန္ဒိယက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာ တစ်ခုနဲ့ ပတ်သက်လို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့က သံအမတ်တွေကို အပြန်အလှန် ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

Facebook