ကျောင်းအုပ်နဲ့ ဆရာမတစ်ဦးကို ပစ်ခတ်ခဲ့မှုအတွက် ပြင်သစ်မှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကို ရဲတွေက ဖမ်းဆီးထားပါတယ်။
ပြင်သစ်တောင်ပိုင်းက အော်ဘက်နေးမြို့မှာရှိတဲ့ လာကာနဲလ် အလယ်တန်းကျောင်းမှာ အောက်တိုဘာ ၁၂ ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ အသက် ၁၄ နှစ်အရွယ် ကျောင်းသားဟာ ဂီတာပုံး တစ်ခုထဲ ပြောင်းတိုသေနတ်ကို ထည့်သယ်ပြီး ကျောင်းထဲ ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။ တချို့သတင်းဌာနတွေကတော့ ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်ဟာ အမဲလိုက် ရိုင်ဖယ်တစ်လက်လို့ ဖော်ပြကြပါတယ်။
အဲဒီနောက် သူဟာ သေနတ်ကို ထုတ်ပြီး စတင်ပစ်ခတ်ခဲ့တာပါ။ သူ့လက်ချက်ကြောင့် ကျောင်းအုပ်နဲ့ ဆရာမတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ လူငယ်ကိုတော့ ကျောင်းဝန်ထမ်း တစ်ဦးက ဝင်လုံးပြီး ဖမ်းချုပ် တားဆီးနိုင်ခဲ့ပါတယ်။
ဒဏ်ရာရသူတွေရဲ့ အခြေအနေက အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း၊ ကျောင်းသူကျောင်းသားတွေ အထိအခိုက် မရှိခဲ့ကြောင်း အော်ဘက်နေး မြို့တော်ဝန် ဂျင်းပီယေး စကွီလီယာက ပြောကြားခဲ့ပါတယ်။ လူငယ်ကိုတော့ လူသတ်ဖို့ အားထုတ်မှုနဲ့ ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။

Public Service Announcement
ပြင်သစ်နိုင်ငံ တစ်ဝန်းမှာ စာသင်ကျောင်းတွေရဲ့ ပြင်ဆင်ထိန်းသိမ်းမှု ညံ့ဖျင်းတာ၊ သင်ကြားရေး ဝန်ထမ်းတွေ မလုံလောက်တာတွေကို မကျေနပ်လို့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပေမယ့် အခုပစ်ခတ်မှုကတော့ အဲဒီကိစ္စနဲ့ ဆက်စပ်မှု မရှိဘူးလို့ ဆိုပါတယ်။
ရဲတွေက လူငယ်ရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးတဲ့အခါ လက်နက်တွေ ရှာတွေ့လို့ သူ့ရဲ့ ဖခင်ကိုပါ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး လောရင့် နူးနက်ဇ်က လူငယ်ရဲ့ မိဘနှစ်ဦးစလုံးကို ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ရဲတွေရဲ့ အဆိုအရ အသက် ၅၃ နှစ်အရွယ် ကျောင်းအုပ်ဟာ ခြေထောက်နဲ့ ကျောဖက်မှာ သေနတ်ဒဏ်ရာ ရခဲ့ပြီး အသက် ၃၇ နှစ်အရွယ် ဆရာမကတော့ ပေါင်မှာ သေနတ်ထိမှန်ခဲ့ပါတယ်။ ဖြစ်စဉ်အတွင်းမှာ နောက်ထပ်လူတစ်ဦးလည်း ဒဏ်ရာ အနည်းအကျဉ်း ရခဲ့ပါတယ်။
ရဲတွေကတော့ ပစ်ခတ်မှု ဖြစ်ပွားရတဲ့ နောက်ကွယ်က အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပါ။ ကျူးလွန်သူ ကျောင်းသားမှာ အစွန်းရောက် ဝါဒနဲ့ ဆက်နွှယ်ပတ်သက်တဲ့ အထောက်အထားမျိုးတွေ မတွေ့ရသလို ပြစ်မှုမှတ်တမ်းဟောင်းလည်း မရှိဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်အတွင်း ကျောင်းသူကျောင်းသားတွေ ဒဏ်ရာမရခဲ့ပေမယ့် အားလုံး ထိတ်လန့် တုန်လှုပ်နေကြတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကတော့ ပစ်ခတ်မှုမှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက် ထိခိုက် ခံစားခဲ့ရတဲ့ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ၊ မိဘတွေကို စာနာနားလည်ကြောင်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
ပြီးတော့ ပိုပြီးဆိုးရွားတဲ့ အခြေအနေမျိုးဆီ ဦးတည်မသွားအောင် ရဲရဲဝံ့ဝံ့ တုံ့ပြန်ကိုင်တွယ်ပေးခဲ့တဲ့ ကျောင်းဝန်ထမ်းတွေရဲ့ ရဲစွမ်းသတ္တိကိုလည်း သမ္မတက ချီးကျူး ထောမနာ ပြုသွားခဲ့ပါတယ်။
ကိုးကား: BBC



















































