Connect with us

Hi, what are you looking for?

Short Story

“ကိုတို့ဟာ ပစ်တိုင်းထောင်လေးတွေပါ ယုမေ”

မညာပါဘူး ယုမေ။ ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိမှန်းတောင် ကို သတိမထားမိဘူး။ ရုံးခန်းထဲက ညီမလေးက လှမ်းပြောတော့မှ ကို့မှာ ရှက်ပြီး မျက်နှာကို လက်နဲ့သပ်ချရတယ်။ ထူးဆန်းတယ် သိလား ယုမေ။ ကိုယ့်မျက်လုံးထောင့်မှာ အရည်တချို့ စိမ့်ဥနေကြောင်း လက်ခံစားမှုအရ ကို သိလိုက်ရတယ်။

◼️ဘရိုင်ယံရိန်း

(၁)

စိန်လက်စွပ်က ဆယ်သိန်းငါးသောင်း။

ရွှေဆွဲကြိုးက ဆယ်သိန်းသုံးသောင်း ငါးထောင်။

Public Service Announcement

Public Service Announcement

Confirm နော် ညီမ။

ခဏနေ ပိုက်ဆံလွှဲမယ်။

(၂)

မနက်စောစောကြီး ကိုတို့ online marketing ပိုင်းမှာ customer တယောက်က စိန်လက်စွပ်တကွင်းနဲ့ ရွှေဆွဲကြိုးတပင် ဈေးဦး စဖောက်ပေးသွားတယ် ယုမေ။ ပိုင်ရှင်တွေတော့ ဒီပမာဏလေးအတွက် ပျော်ရဲ့လား မသိနိုင်ပေမယ့် ကိုတို့ Online Marketing Department မှာ ရှိတဲ့လူတွေတော့ ပျော်နေလိုက်တာမှ ကိုယ်ပိုင်ပစ္စည်းလေးတခု ရောင်းထွက်သွားသလိုပါပဲ။

ကို အလုပ်လုပ်တဲ့ စိန်ရွှေရတနာဆိုင်ရဲ့ Online Marketing Department မှာ လောလောဆယ် ၀န်ထမ်းသုံးဦးရှိတယ် ယုမေ။ ကောင်မလေးချောချော နှစ်ယောက်ရယ် ကိုရယ်ပေါ့။ တယောက်က တက္ကသိုလ်စတက်ရမယ့် ကလေးမလေး။ သွက်သွက်လက်လက်နဲ့ တွဲလုပ်ရ သိပ်အဆင်ပြေတယ်။ Idea ဆန်းဆန်း‌တွေလည်း သူ့ဆီမှာရှိတယ်။ နောက်တယောက်က ကိုနဲ့တူတယ် သိလား။ ပညာရေး၀န်ထမ်း‌တွေပဲ။ ကိုက မူအုပ်ပြုတ်။ သူက ထက်ပြပြုတ်။

တခုပြောပြရဦးမယ် ယုမေ။ အရောင်းပိုင်းအတွက် အလုပ်လျှောက်လွှာတွေ ရောက်လာတော့ ကိုဖတ်ကြည့်မိတဲ့ နေ့ကပေါ့။ လက်သီးကို ကျစ်အောင်ဆုပ်ပြီး အံကိုကြိတ်လိုက်မိတယ်။ ပညာရေးတက္ကသိုလ်ဆင်းခါစ လုပ်သက်နှစ်နှစ်ရထားတဲ့ ဆရာမလေးက လာလျှောက်ထားတယ် ယုမေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွာဆိုတာ ကို နားလည်ပါတယ်။ ဒါပေမဲ့ ရင်နာစရာကြီး မဟုတ်လား ယုမေ။ ခွေးတအုပ်ကြောင့် ပျက်ခဲ့ရတဲ့ အဖြူအစိမ်း သိုက်နန်းရှင်မလေးလေ။

အဲဒီနေ့က လျှောက်လွှာကို လက်ထဲကိုင်ရင်း စိတ်ထဲက ဆုတောင်းပေးမိသေးတယ်။ သူရဲကောင်းမလေး ကံကောင်းပါစေပေါ့။

အင်တာဗျူးလာဖြေတော့ သွက်သွက်လက်လက်နဲ့ ပွင့်ပွင့်လင်းလင်းရှိတာကို ကြည့်ပြီး ကို့ Department ကို ရောက်လာရင်ကောင်းမယ်လို့ အတွေး၀င်မိတယ် ယုမေရယ်။ တခြားစိတ်တော့ ကို့မှာမရှိပါဘူး။ တချိန်က အဖြူအစိမ်း၀တ် မိသားစုချင်းလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အင်တာဗျူးတွေ ပြီးသွားတော့ ပိုင်ရှင်က ကို့ကိုပြောတယ်။ စီ (CDM) နှစ်ယောက် အတူတွဲပေးလိုက်မယ်တဲ့။ ကောင်မလေးကြည့်ရတာ သွက်သွက်လက်လက်နဲ့ဆိုတော့ online ပိုင်း အဆင်ပြေလိမ့်မယ်တဲ့။ ၀မ်းသာလိုက်တာ ယုမေရယ်။ ကိုယ်တို့ စီလေးတယောက် အလုပ်ရပြီလေ။ ဒီလိုနဲ့ ထက်ပြုတ်လေးရယ် ကိုရယ် အလုပ်တွေ တွဲလုပ်ဖြစ်ကြတယ်ပေါ့ ယုမေ။

ကို ဒီအလုပ်ကိုရောက်ပြီး တလအတွင်း ကိုတို့အလုပ်မှာ စီ (၄) ယောက်တိတိကို ပိုင်ရှင်က အလုပ်ခန့်ခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် အခုလက်ရှိမှာတော့ ကိုယ်ရယ်၊ ခုနကပြောတဲ့ ထက်ပြုတ်လေးရယ်ပဲ ဆက်ရှိနေတယ်။

ဒီနေရာမှာ ကို တအံ့တဩ ချီးကျူးမိတဲ့သူတယောက်ရှိတယ် ယုမေ။ ကိုတို့ ဆိုင်ပိုင်ရှင်လေ။ တော်ရုံနဲ့ စီတွေဆို အလုပ်မခန့်ကြတဲ့ခေတ်ထဲ ရဲရဲဝံ့ဝံ့ အလုပ်ခန့်ပေးခဲ့တယ်။ ကို့ကို အင်တာဗျူးတုန်းကလည်း ကိုက စီတယောက်ဖြစ်ကြောင်း၊ တကယ်လို့ လူကြီးမင်းရဲ့ စီးပွားရေးအတွက် တစုံတရာ ထိခိုက်နိုင် တယ်လို့ ယူဆရင် အလုပ်မခန့်လို့ရကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့တယ်။ အလုပ်လိုလို့ ဆိုပေမယ့် ကို့ကြောင့်တော့ အခြားတယောက် ဒုက္ခရောက် တာ ကို မလိုချင်ဘူးလေ။

ကို ရောက်လာပြီးနောက်ပိုင်းမှ စီလေးတွေ တယောက်စ နှစ်ယောက်စ ရောက်လာတော့ တခြားသူတွေက ဆိုင်ပိုင်ရှင်ကို စကြတယ်။ စီတွေချည်း အလုပ်ခန့်နေနော်။ တော်ကြာ အားလုံး အတူတူ၀င်နေရမယ်တဲ့။ ဟား သူတို့ပြောတာလည်း ဟုတ်သားမလား ယုမေ။

လုပ်ဖော်ကိုင်ဘက်အချင်းချင်း နောက်နေတာသိပေမယ့် ကိုက‌ “ခုချိန်မျိုးမှာ စီတွေကို အလုပ်ခန့်တယ်ဆိုတာ နိုင်ငံတော်အပေါ် ကျေးဇူးစောင့်သိခြင်း တမျိုးပဲလေ” လို့ အတည်ပြန်ပြောလိုက်တော့ အားလုံးက သဘောအကျကြီး ကျနေလေရဲ့။ သိတယ်မလား ယုမေ။ ကိုက စကားလုံးတွေနဲ့ ချုပ်တတ်တယ်ဆိုတာ။

အရင် အဖြူအစိမ်း၀တ် အခြေအနေတုန်းကလည်း ကို့ဘေးနားက ကလေးလေးတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ပျော်အောင်ထားခဲ့ဖူးတယ်။ အခုအလုပ် မှာလည်း ကိုယ့်ဘေးနားကလူတွေကို ပျော်အောင်ထားတယ်။ အခြေအနေဆိုးကြီးကြား အားလုံးစိတ်ညစ်နေတဲ့ကြားထဲ ကို့ကြောင့် တယောက်လောက် ပျော်သွားတာကို မြင်ရင်လည်း ငြိမ်းချမ်းရေးပဲမဟုတ်လား ယုမေ။

(၃)

“အကိုရေ Page Messengerလေး တချက်ကြည့်လိုက်ပါဦး “

ရုံးခန်းတံခါးကို အားပါးတရဆွဲဖွင့်ရင်း အော်ပြောလာတဲ့ ထက်ပြုတ်လေးရဲ့နဖူးမှာ ချွေးလေးစို့နေတာ ကို မြင်လိုက်တယ် ယုမေ။ နောက်ပြီး ပျော်ရွှင်ခြင်းတွေရောပေါ့။

“ညီမဆီ customerစာစပို့ကတည်းကနေ Confirm ဖြစ်သွားတဲ့အထိ page chat box ကို ကို ထိုင်ကြည့်ပြီး ထိုင်ပျော်နေတယ်။ ဒီနေ့တော့ ဈေးဦးဖောက် လှပြီဟေ့”

“ညီမလည်း ပျော်နေတာ။ အကိုသိပြီးသားဆိုတာ သိတော့သိတယ်။ ဒါပေမဲ့ လူကိုယ်တိုင် လာကြွားချင်လို့ ဟီး။ ဒါပဲနော် ဆိုင်ထဲပြန်လိုက်ဦးမယ်”

ရုံးခန်းတံခါးပိတ်ပြီး သူထွက်သွားတော့ အထဲမှာရှိတဲ့ တခြားသူတွေ နောက်ကြတယ်။ ဈေးဦးအကြီးကြီး ဖောက်တယ်ဆိုတော့ တဝိုင်းနော်တဲ့။ ရတယ်လေလို့ပြောပြီး ကို ပြုံးနေဖြစ်တယ်။ ဒါက ကိုယ့်အကျွမ်းကျင်ဆုံး ဘာသာရပ်လေ ယုမေ။ အဆင်မပြေရင်လည်း ပြုံးထားတယ်။ အဆင်ပြေရင်လည်း ပြုံးထားတယ်။ မျက်လုံးဖတ်တတ်သူတွေပဲ ကို့အပြုံးဟာ ဘယ်လိုအဓိပ္ပာယ်ကို ဝှက်ထားလဲ သိနိုင်လိမ့်မယ်။ ကို ပြုံးနေဆဲမှာပဲ ရုံးခန်းထဲမှာရှိတဲ့ ညီမလေးတယောက်ဆီကနေ စကားတခွန်း ဆန့်ထွက်လာတယ် ယုမေ။

“အကိုတို့ အမတို့လို အတွေ့အကြုံရှိတဲ့ ဆရာတွေ၊ ဆရာမတွေကို ဒီလို အရောင်းပိုင်းမှာ တွေ့နေရတာ ညီမ တကယ်ကို စိတ်မကောင်းပါဘူး။ တကယ် စိတ်ရင်းနဲ့ပါ။ စာသင်ခန်းထဲ ပျော်နေတာကိုပဲ အမြန်ပြန်မြင်ချင်ပြီ”

မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရတော့ ခါတိုင်းဆို သွက်နေတဲ့ ကို့နှုတ်က ဒီတစ်ခါ အ, နေလိုက်တာ ယုမေရယ်။

“ကျေးဇူးတင်ပါတယ် ညီမရယ်” လို့ ပြန်ပြောလိုက်ပေမယ့် အသံမထွက်ခဲ့ဘူး။ တကယ်ပါကွာ။ လည်ပင်းမှာ တစ်, ဆို့နေတယ်။

နောက်ပြီး ကို့နားထဲ ကလေးတွေရဲ့ တီတီတာတာအသံလေးတွေ တိုးတိုးတိတ်တိတ် ကြားယောင်ဖြစ်တယ် ယုမေ။

“အကိုက ဘာလို့ တပြုံးပြုံးနဲ့ ဖြစ်နေတာလဲ”

မညာပါဘူး ယုမေ။ ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိမှန်းတောင် ကို သတိမထားမိဘူး။ ရုံးခန်းထဲက ညီမလေးက လှမ်းပြောတော့မှ ကို့မှာ ရှက်ပြီး မျက်နှာကို လက်နဲ့သပ်ချရတယ်။ ထူးဆန်းတယ် သိလား ယုမေ။ ကိုယ့်မျက်လုံးထောင့်မှာ အရည်တချို့ စိမ့်ဥနေကြောင်း လက်ခံစားမှုအရ ကို သိလိုက်ရတယ်။

ဒီတော့ ကို နောက်တကြိမ် ပြန်ပြုံးဖြစ်သွားတာပေါ့။ ဒီတခါတော့ သိမှုဖြင့် ပြုံးခြင်းပေါ့ ယုမေ။

တကယ်ပါ ကိုတို့ဟာ …..။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ဘရိုင်ယံရိန်း’ ရေးဖွဲ့တဲ့ “ကိုတို့ဟာပစ်တိုင်းထောင် လေးတွေပါ ယုမေ” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

Facebook