Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“အမေတမ်းချင်း”

◼️မြရဲလွင် (ဝေးလွင့်ငှက်)

သမီးနဲ့ဇနီး လက်ကိုဆွဲပြီး အမေ့အိမ်တခါးကို ကျနော်ပြန်ခေါက်ခွင့် ရတဲ့အခါ အမေဟာ အပြုံးတွေနဲ့ ဆီးကြိုမယ်…

အမေရဲ့ အကျွမ်းကျင်ဆုံးဟင်းလျာဖြစ်တဲ့ ငပိချက်စပ်စပ်ကို ကျနော့်ရဲ့ ညာလက်ငါးချောင်းနဲ့ အားပါးတရ ထိုင်စားနေတဲ့အခါ အမေဟာ ကျနော့်ကို ပြုံးပြုံးကြီးကြည့်ရင်း စကားတွေ ဖောင်ဖွဲ့နေလိမ့်မယ်။

အတုယောင်မရှိတဲ့ အမေ့ရဲ့မေတ္တာနဲ့ ဟန်ဆောင်မှုကင်းစွာ ကျနော့်ရဲ့ပါးကို အမေနမ်းမယ်၊ နောက် ကျနော့်သမီးကိုအမေနမ်းမယ်။ အမေ့ရဲ့မျက်ဝန်းအိမ်မှာ မျက်ရည်စတွေ ကျနော်တွေ့ရမယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီအချိန်ဆို အမေ့လက်တွေဟာ တုန်ရင်ကောင်းတုန်ရင်နေမယ်၊ မျက်လုံးတွေ မွဲချင်မွဲနေလိမ့်မယ်။ နားတွေ ထိုင်းချင်ထိုင်းနေလိမ့်မယ်။

ဒါပေမယ့် ကျနော်ဟာ အမေ့ကို လွမ်းတဲ့စိတ်​တွေရယ်၊ ဖြစ်ပျက်ခဲ့ရတဲ့ ဘဝအတွေ့ကြုံတွေရယ်ကို ပြန်ပြောပြမိနေလိမ့်မယ်။

ပီတိတွေနဲ့ နားထောင်နေမယ့် အမေ့ရဲ့မျက်နှာကို ကျနော် မြင်ယောင်မိပါတယ်။

ကျနော်ရှိနေတဲ့ မြို့ကလေး ဗုံးကြဲခံလိုက်ရပုံတွေ။ ဘဝမှာ ပေါက်ကွဲမှုကို ပထမဆုံး နီးနီးကပ်ကပ် ကြားလိုက်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ ခံစားမှု၊ ခံစားချက်တွေ၊ နောက် …

ငိုချင်စိတ် ပေါက်ခဲ့ရပေမယ့် မငိုမိအောင် ထိန်းထားရင်း ဝမ်းနည်းကြောက်ရွံ့နေတဲ့ ကလေးလေးတွေ၊ ဆရာမတွေရဲ့ မျက်နှာကို သေချာ ငေးကြည့်နေမိပုံတွေ …

ကတုတ်ကျင်းထဲမှာ ​ကိုယ့်လူမျိုးကြဲတဲ့ ဗုံးမထိဖို့အရေး ဗုဒ္ဓဘာသာတိုင်း ရွတ်လေ့ရှိတဲ့ တရားစာတွေရွတ်သံ ကြားမိခဲ့တဲ့အခိုက်၊ ကြဲနေတဲ့သူတွေလည်း ဒါပဲရွတ်မယ် အကြဲခံနေရသူတွေလည်း ဒါပဲ ရွတ်နေကြရတယ် ဆိုတဲ့အကြောင်းတွေ …

တနှစ်အရွယ်သာရှိသေးတဲ့ အမေ့မြေးဟာ အသံ

ကျယ်ကျယ် ထွက်တတ်တဲ့ ကားသံ၊ ဆိုင်ကယ်သံတချို့ ကြားရင် တောင် သူ့အ​မေနဲ့နီးရင် သူ့အမေ့ဆီ၊ အဖေနဲ့နီးရင် အဖေ့ဆီ လေးဘက်ကလေး ပြေးလာပုံတွေ …

ကျနော် သုံးကြိမ်ထက်မနည်း ထိုင်ခဲ့ဖူးတဲ့ လက်ဘက်ရည်ဆိုင်ကအမျိုးသမီးလေးတဦးလေယာဥ်ပေါ်က ချတဲ့ဗုံးထိမှန်သေဆုံးသွားတဲ့အကြောင်း။ သူဟာ ဘဝကို အောက်ခြေက စခဲ့ရတဲ့သူလို့ ကျနော်ကြားမိတဲ့အကြောင်းနဲ့ ဝမ်းနည်းဖွယ်ကောင်းပုံတွေ။

ဗုံးကြဲနေစဥ် စိတ်လုံခြုံမှုတခုအဖြစ် ကလေးနဲ့ဇနီးကို လွတ်ရာ ခေါ်ထုတ်ပေးသွားခဲ့တဲ့ ဆရာမလေးတဦးအကြောင်း …

အဲဒီဆရာမလေးကပဲ စိတ်ဓာတ်ကျခဲ့တဲ့ ကျနော်တို့မိသားစုကို နွေးနွေးထွေးထွေးဆက်ဆံရင်း သူ့အိမ်မှာ ငြူစူမှုမရှိ ခိုလှုံခွင့် ပေးခဲ့ပုံတွေ …

ကျနော့်စကားတွေ နားထောင်ရင်း အမေ့မျက်ရည်တွေဟာ အမေ့ပါးပြင်ပေါ်မှာ တလိမ့်လိမ့်စီးကျလျက် … အဲဒီအချိန် …

တုန်ရင်နေတဲ့ အမေ့လက်ကို ကျနော်ဆွဲကိုင်ရင်း အမေ့ကို နွေးထွေးစွာ ဖက်မိမယ်ထင်ပါရဲ့ အမေ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မြရဲလွင် (ဝေးလွင့်ငှက်)’ ရေးဖွဲ့တဲ့ “အမေတမ်းချင်း”ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...