Connect with us

Hi, what are you looking for?

Short Story

“ရေစက်”

◼️ညိမ်းအေး

သိပ်ကို ခမ်းနားလွန်းတဲ့ ရေစက်

သိပ်ကို ခါးသီးလွန်းတဲ့ ရေစက်

အစားထိုးစရာမရှိ ကျိုးပဲ့ကြေမွ ပျက်စီးသွားတဲ့ ဘဝတွေ

Public Service Announcement

Public Service Announcement

ဟိုး လမ်းကွေ့ထောင့်ချိုး သေးသေးလေးထဲကနေ မထင်မှတ်ဘဲ ရုတ်တရက် ဘွားခနဲပေါ်လာ။

နာကျင်လွန်းပေမယ့် တပ်တပ်မက်မက် တကူးတက ဖန်တီးယူရတဲ့ ချိုမြိန်ခါးသက် အကျည်းတန် လှပလွန်းတဲ့ ရေစက်တွေ။

ရှင်တော်ဂေါတမနဲ့ အရိမေတ္တေယျကြား အကျွတ်တရားမရ၊ ချည်နှောင်မှုတွေ အထပ်ထပ် ကိုယ်တိုင်ဖန်တီးမိတဲ့ ရေစက်တွေ။

“ကျနော်က ရေစက်ဆိုတာကို သိပ်မြတ်နိုးတယ် … နှင်းမောင် … အခု ငါတို့ ဖြတ်သန်းနေရတဲ့ ကာလမှာရှိတဲ့ ရေစက်တွေကို ပိုလို့တောင်မှ မြတ်နိုးသေးတယ်”

အရပ်ခပ်ပြတ်ပြတ်၊ မျက်ခုံးထူထူ၊ အသားညိုညို “နှင်းမောင်”၊ ငှက်ဖျားဒဏ်ကြောင့် နုံးချိရီဝေနေတဲ့ အကြည့်နဲ့အတူ နှုတ်ခမ်းထောင့်စွန်းလေး မသိမသာ ကွေးသွားသည်ကို သတိထားမိသည်။

နှင်းမောင်ရဲ့အကြည့်က ဘာကိုဆိုလိုလည်း ကျနော်သိသည်။ “ဒီဆရာကွာ ငှက်ဖျားဖြစ်နေတာကို စိတ်ဓာတ်ပိုကျအောင်လုပ်ပြီ” ဆိုတဲ့အဓိပ္ပါယ်။ သူ့ အကြည့်မှာ ကြေကွဲမှုတွေပါသည်၊ ယူကြုံးမရမှု၊ အားမလိုအားမရမှု၊ မွန်းကြပ်မှု၊ ပင်ပန်းချိနဲ့မှုတွေလည်း ရောပြွန်း၍ ပါကောင်းပါမည်။

လူငယ်တယောက်၊ အခုခေတ် အရွယ်သုံးပါး ခေတ်ကာလ လူတတ်ကြီးတွေ၊ သုခမိန်တွေကြားမှာ သိပ်ကို ပေါကြွယ်ရေပန်းစားလှသည့် လက်သုံးစကား၊ “Generation Z“ ပေါ့။ တကယ့်လက်တွေမှာ ဘဝတွေ သိပ်မပေါလှ။ စုတ်ပြတ်သပ်နေသည့် အနာတွေ ဗရဗွ ဒင်းကြမ်းလိုက်လို့။ အနာဂတ်ကို စိတ်ကူးယဥ် ပြီး သိပ်ကို ပေါ့ပါးတက်ကြွ လန်းဆန်းနေရမယ့်အစား အရောင်မွဲခြောက်ခြောက် မရိန်းယူနီဖောင်း၊ သံခမောက်ဦးထုပ်နဲ့ ပိုင်ရီမောင်းပြန်ကို ကိုယ့်ရဲ့အနီးဆုံးသော မိသားစုဝင်တယောက်လို နှစ်နှစ်ကာကာ ဖက်တွယ်ပြီး လောကကြီးကို အံကြိတ် တောက်ခေါက် ကန့်လန့်တိုက်နေတဲ့ လူရင့်မာကြီးတယောက် ဖြစ်မှန်းမသိ ဖြစ်နေလေရဲ့။

နှင်းမောင်ရဲ့နှုတ်ခမ်းက တိုးလျလျ အသံထွက်လာသည်။

“ဆရာရေ …”

“ကျနော်တို့အားလုံးက ကြုံချင်လွန်းလို့ ကြုံရတာမှ မဟုတ်တာ … ပြီးတော့ ဘာဖြစ်လို့ ဒီကာလကြီးမှလည်း … ဆရာရယ်’’

စကားအဆုံးမှာ နှင်းမောင်ရဲ့ သက်ပြင်းဖွဖွက တဆက်တည်း။

“ရူးတာလည်း ဖြစ်ကောင်းဖြစ်မယ်၊ မရူးရင်တောင် နည်းနည်းတော့ လွတ်တယ်ကွာ”

“မင်းတို့ငါတို့ အခုမျိုးဆက်က ဘာလဲ သိလား”

နောက်ထပ်တကြိမ် နှင်းမောင်ဆီက ခပ်စူးစူး အကြည့်။ ဒီတခါတော့ ဒီဆရာ ငါ့ကိုဆေးကုရင်း သူ အရင်ကြောင်သွားတာ ဖြစ်မယ်ဆိုတဲ့ အကြည့်။

“အရွယ်အပိုင်းအခြားအလိုက် ခွဲတဲ့မျိုးဆက် Generation X တို့ Y တို့ Z တို့ကို ပြောနေတာမဟုတ်ဘူး နှင်းမောင်”

တတိယအကြိမ်မှာတော့ နှင်းမောင်ရဲ့ မျက်ဝန်းတွေထဲကို ကျနော် စူးစူးနှစ်နှစ် စိုက်ကြည့်ပြီး အဖြေရှာနေမိသည်။

“အင်္ဂလိပ် အက္ခရာမှာ Z ပြီးရင် ဘာလာလည်း …”

“Z ဆိုတဲ့ အက္ခရာပြီးရင် ဘာမှ ထပ်မရှိတော့ဘူးကွ၊ ဆိုလိုတာက အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ နောက်ထပ် မျိုးဆက်တဆက်ဆိုတာ ထပ်မရှိတော့ဘူးဆိုတဲ့သဘောပဲ နှင်းမောင်”

“မင်းရောငါရော ကြိုက်ကြိုက်မကြိုက်ကြိုက် ငါတို့က နောက်ဆုံးမျိုးဆက်ပဲ၊ ငါတို့နောက်ဆုံးပဲ”

“ဒီထက် ပိုတာရှိသေးတယ် … ငါတို့မျိုးဆက်ဟာ ပေးရမယ့်မျိုးဆက်ပဲ နှင်းမောင်၊ ယောင်လို့တောင်မှ တခုတလေလေးများ ယူဖို့ မစဥ်းစားရဘူး၊ ငါတို့ ဘာတွေပေးရမလဲ သိလား …”

“အရာရာတိုင်းကို ပေးရမှာ နှင်းမောင်ရေ၊ အရာအားလုံး ပေးရမှာ၊ ငါတို့မှ ရှိရှိသမျှ ဘာမှမကျန်တဲ့အထိ ငါတို့ရဲ့ အနာဂတ်တွေ၊ ဘဝတွေ၊ နောက်ဆုံး ငါတို့ရဲ့ နှလုံးသားနဲ့ အသက်ဓာတ်တွေ၊ အကယ်၍များ သေသွားခဲ့ရင်တောင် ငါတို့ရဲ့ ဝိညာဥ်အထိ အားလုံး ငါတို့ပေးရမှာ”

“ငယ်ငယ်က ဉာဏ်စမ်းမေးခွန်းတွေ၊ အမည်မသိပုစ္ဆာတွေကို ဖြေရတဲ့အခါ အဖြေမှန်ရင် ပျော်တယ်မလား။ အဲ့ဒါက ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ အားထုတ် ပြီးရလာတဲ့ သာမန်ကာလျှံကာ ပျော်ရွှင်မှုမျိုးကွာ၊ သိပ်မထူးခြားဘူး”

“ကိုယ်ကြိုက်တဲ့ ကောင်မလေးတယောက်ကို မရမက လိုက်ပိုးပန်းပြီး အဖြေရတဲ့အခါ ပျော်ရတဲ့ အပျော်ကျတော့လည်း တမျိုးပေါ့ကွာ … နှလုံးသား ပါလာပြီလေ”

“ဒါပေမယ့် နှင်းမောင် ဘယ်လိုပျော်ရွှင်မှုမျိုးက ကြည်နူးဖို့ အကောင်းဆုံးလဲဆိုတော့ ကိုယ့်ရဲ့ နှလုံးသားရော၊ ဦးနှောက်ရော အရာရာကို ကိုယ့်အတွက်ရော၊ အခြားသူအားလုံးအတွက်ပါ ယုံကြည်သက်ဝင် ပုံအောပြီးမှ ရလာတဲ့ အားလုံးအတူတူ မျှဝေခံစားလို့ရတဲ့ ပျော်ရွှင်မှုမျိုးကမှ ကျေနပ်စရာ အကောင်းဆုံးပဲ။”

မိုးတဖျောက်ဖျောက် …

စစ်စိမ်းရောင်မိုးကာစ …

ရုန်းရွက်တွေနဲ့ မလုံ့တလုံကာထားတဲ့ တဲငယ်လေး …

အနီးက လက်တလုံးလောက်ရှိတဲ့ သစ်ပင်အကိုင်းမှာ ပတ်တီးစနဲ့ ချည်ထားတဲ့ ၁၀၀ စီစီဆံ့ အနီရောင်ဝေ့သီနေသည့် အငံရည် ဆလိုင်းပုလင်းမှတဆင့် ဆေးရည်စက်တွေ တစက်စက်ကျတာကို နှင်းမောင် စိုက်ကြည့်နေသည်။ လက်ဖျံမှာစိုက်ထားတဲ့ အပ်ကနေ သွေးကြောထဲကို ဆေးရည်ဝင်နေသည့် တဖျင်းဖျင်း အေးစိမ့်မှုကို နှင်းမောင်ခံစားမိသည်။

“ဆရာ လွတ်နေပြီ ဟုတ်တယ် …”

နှင်းမောင်ရဲ့ တခွန်းတည်းသော မှတ်ချက်။

“ကျနော့်ကို ဆရာချိတ်ပေးတဲ့ ဆေးကတော့ အားဆေးပဲဟုတ်တယ်နော် ဆရာ”

“အေးပါဟ … မင်းကလည်း …’’

နှင်းမောင်ရေ …

“ငါတို့က လမ်းဖောက်ရမယ့်သူတွေ၊ ဆူးညှောင့်ကန်သင်းတွေ၊ ခလုတ်အဖုအထစ်တွေ ဖယ်ရှားပေးရမယ့်သူတွေ … ငါတို့လက်တွေမှာ အသားမာတွေ၊ ငါတို့ခြေဖဝါးတွေမှာ ဆူးစူး၊ ခလုတ်တိုက် သွေးအလိမ်းလိမ်း၊ အသားမာတွေ ပွနေအောင် ရှိလိမ့်မယ်”

ဒါပေမယ့်ကွာ ငါတို့ အဲဒီလိုဖြစ်ရတာကို သိပ်ကိုကျေနပ်တယ်၊ ပျော်တယ် ဟုတ်တယ်မလား”

“ဒီလောက်ဆို ငါ ဘာကြောင့် ဒီကာလမှာကြုံရတဲ့ ရေစက်တွေကို သိပ်တန်ဖိုးထားလဲ၊ သိပ်မြတ်နိုးလဲဆိုတာ မင်းရော ခံစားမိလား .. နှင်းမောင်”

“ဆရာ ဆေးကုန်ပြီ”

“အေး ဟုတ်သား … ကုန်ပြီ၊ ဒါဆို မင်းလည်း ငါ့လိုပဲ လွတ်သွားပြီ”

“ငါ့လို မလွတ်ချင်ရင် ငှက်ဖျားဆေးကို အညွှန်းအတိုင်း ရက်ပြည့်အောင်သောက်၊ ဓာတ်ဆားသောက်၊ ခြင်မကိုက်အောင် ဂရုစိုက် … အရှေ့ကို ဆက်သွားလိုက်ဦးမယ်။”

မိုးတွင်းကာလ နေ့နေ့ညည စိုစိုစိစိ၊ ဗွက်ထနေတဲ့ ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းတွေထဲမှာ ကြွက်စုတ်လေးတွေလို။ ဒီကြားထဲ ခန္ဓာကိုယ်မှာ ရှိသမျှ ကြားနေရာတွေအားလုံး အကြားအလပ်မရှိစေရတဲ့ ဝဲတွေကို သွေးစိမ်းထွက်၊ စပ်ဖျင်းဖျင်းဖြစ်တဲ့အထိ တဗျင်းဗျင်း ကုတ်ရတိုင်း မအလကျေးဇူးကို အမြဲ အောက်မေ့သတိရလျက်။ ဝဲတွေကလည်း ခဏခဏ ဖြစ်ပါများလို့ထင့်၊ ဆရာကြီးအထာတွေချည်း။ ကြားကာလကို တော်တော် ကြာစေချင်ပုံပေါ်ပါရဲ့။ တော်ရုံမတိုးတဲ့အပြင် ဝဲကလည်း အမျိုးအစားစုံ ကြားတွေကြားတွေမှာ ကွက်ပြည့် ကွက်စိပ်နင်းလို့။

“နှင်းမောင် … နှင်းမောင် လူကောင်ကသာ သေးပြီး အဆိပ်ပြင်းတယ်ဆိုတာ မင်းလိုကောင်မျိုးကို ပြောတာ”

“ဇကတော့ မစမ်းနဲ့ဆရာ၊ ဧရာသားဇကို စမ်းရင် ဇွိဇွိဖြစ်သွားမယ်”

“ဆရာ စမ်းမလား”

“ဟရောင် ဟရောင် အခုတော့ မစမ်းဘူး”

ရှေ့တန်းမှာ နှင်းမောင်နဲ့ ကျနော်၊ လူနာနဲ့ ဆေးဆရာ။

ဒီလိုနဲ့ ကျနော် ဌာနအပြောင်း၊ နှင်းမောင်တို့လည်း ဌာနေအပြန် စစ်ကြောင်း အတူလျှောက်ကြရသည်။ ရေစက်တွေ ဘယ်အထိ အသက်ဆက်ကြမလဲ။ ဘယ်လောက်အထိ လှပ ချိုမြိန် ခါးသက်ဦးမလဲ။

ရောက်တဲ့နေရာ တွေ့တဲ့ချောင်းရိုးကိုးပေါက်ဝင် ငါးမိုင်းခွဲ၊ ငါးမျှား၊ ကဗျာတွေရွတ်လိုက်၊ ဆေးလိပ်ဖွာလိုက်၊ အရှေ့ကို မျှော်ကြည့်လိုက်၊ တာဝန်ကိုယ်စီနဲ့ မညည်းမညူ ခရီးအတူဆက်ကြသည်။ ခေါင်တီးလွင်ပြင်၊ တောင်ကုန်းတောင်တန်း၊ ချောင်းမြောင်း၊ ရွှံ့တော၊ နွံတော၊ ခြေကျင်တလှည့်၊ စက်လှေတတန်၊ ဆိုင်ကယ်တတန်၊ ကားတတန်။

လမ်းခွဲရောက်ကြပြီ။ နှင်းမောင်တို့က ရှေ့ဆက်ဖို့။ ကျနော်ကတော့ ပြန်လှည့်ဖို့။

“နှင်းမောင်တို့ ရောက်ရင်ပြန်ပြောဦးနော်။”

“နောက်မှတွေ့မယ်ကွာ”

“ဆရာလည်း အစစအရာရာ ဂရုစိုက်ဦး”

နှုတ်ဆက်စကား။

နှင်းမောင်တို့ အာရက္ခမြေမှာ လက်စွမ်းပြကြပြီ။ သတင်းတွေ မွှေးသည်။ မဟာမိတ်ခေါင်းဆောင်တွေကိုယ်တိုင်က ချီးကျူးထောပနာပြုကြသည်။ တိုင်းဧရာလည်း ပြန်လည် အားသစ်မွေးနေပြီ။ လှိုင်းတံပိုးတွေ လှုပ်ခတ်စပြုပြီ။

“ကွင်းဝိုင်းကို ဝင်တော့မယ်ဆရာ”

အောင်ချိမ့်ရဲ့ ဂန္တဝင်မမဟာ နှင်းမောင်အလာကို မျှော်နေရော့မယ်၊ ခင်ဖုန်းသက်ဝေရဲ့ ဂယ်လာရီဟာလည်း မျက်ရည်တွေစိုစွတ်နေတော့မှာ၊ နှင်းမောင်ရေ မမလီဇာဟာ လိုင်ဇာကိုလည်း မရောက်ဖူးခဲ့သလို ဧရာဝတီမြစ်ကြီး ပြေလျော့ချလိုက်တဲ့ အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ မြစ်ဝကျွန်းပေါ်ကိုလည်း ခြေမချဖူးခဲ့။

တောင်နဲ့မြောက် ဝေးလွန်းတဲ့အရပ်တွေမှာ မမလီဇာ ဘယ်မှမရောက်လဲ ရေစက်တွေက လှပလွန်းလို့ … ဒီရေစက်တွေကြောင့်ပဲ … ငါလေ … တယုတယ … တမြတ်တနိုးနဲ့ အဆုံးထိ သိမ်းထားပါ့မယ်။

နှင်းမောင်ရေ

“ငါ မင်းကို မပြောလိုက်ရတဲ့ စကားတွေရှိတယ်ကွာ၊ ငါတို့ ပြန်ဆုံကြမယ်လို့ပြောပြီး ဘယ်မှာဆုံမယ်ဆိုတာကို အတိအကျ မပြောလိုက်ရဘူး နှင်းမောင်ရေ”

“အဲဒီတုန်းက ငါလည်း ဝေဝေဝါးဝါးမို့”

“ငါတို့တွေ ပြန်ဆုံမယ်လို့ ပြောပြီးတိုင်း ပြန်မဆုံဖြစ်တာ ထုံးစံလို ဖြစ်နေခဲ့ပြီကိုး”

အခု ငါ့မှာ အဖြေရှိပြီ … နှင်းမောင် … အဖြေရှိပြီကွ …

ငါ ဘာကြောင့် ဒီကာလရဲ့ ရေစက်တွေကို ပို မြတ်နိုး တန်ဖိုးထားလဲဆိုတော့ …

ရေစက်တွေဟာ မင်းနဲ့ငါလို လူနှစ်ဦးနှစ်ယောက်တည်းကိုပဲ ဆုံးစည်းစေတာမျိုး မဟုတ်ဘူး၊ လူဆိုးလူညစ်တွေနဲ့ လူကောင်းသူကောင်းတွေကို ရွေးပြီးတော့ ဆုံစည်းစေတာမျိုးလည်း မဟုတ်ဘူး၊ အကောင်းတွေရော၊ အဆိုးတွေရော၊ ချိုမြိန်မှုတွေ၊ ခါးသီးမှုတွေ၊ နာကျည်းစရာတွေ၊ မြတ်နိုးစရာတွေ၊ ဘဝတွေ၊ အခိုက်အတန့်တွေ၊ နှလုံးသားတွေ၊ တန်ဖိုးတွေ၊ မှတ်ဉာဏ်တွေ၊ ဝင်သက်၊ ထွက်သက်တွေ အားလုံးကို အချိုးမပြေ ပေါင်းစည်းစေတဲ့ အရာမို့ပဲ။”

“လမ်းချင်းတူလို့ လူချင်းတွေ့ကြတယ် ဆိုပေမယ့် ဆိုးတဲ့လမ်းရော၊ ကောင်းတဲ့လမ်းရော အတူတူ မတွေ့ရတာတော့ ငါ့လိပ်ပြာက ငြင်းတယ် နှင်းမောင်ရေ …” ။ ။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်

ညနေ (၄) နာရီ၊ (၂၉) မိနစ်

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ညိမ်း​အေး’ရေးဖွဲ့ခဲ့တဲ့ “​ရေစက်” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...