Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု NLD ထပ်လောင်းကြေညာ

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းနှင့် နိုင်ငံတကာကိုလှည့်စားရန် ကြံစည်ဆောင်ရွက်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ထပ်လောင်းကြေညာသည်။

အီယိုရီ/People’s Spring

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းနှင့် နိုင်ငံတကာကိုလှည့်စားရန် ကြံစည်ဆောင်ရွက်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ထပ်လောင်းကြေညာသည်။

ယမန်နေ့(စက်တင်ဘာ ၂၇ရက်)တွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း(၃၆)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား၌ အသိပေးကြေညာခြင်းဖြစ်ပြီး စစ်မှန်သောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ်ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ပြဿနာများဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေးလမ်းစမရရှိနိုင်ဟု ယုံကြည်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD က တောင်းဆိုသည်။

ယခုအခါ အခြားအင်အားစုများသည်လည်း အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းများ ပြင်ဆင်ထားကြောင်း သိရှိရကြောင်းနှင့် NLD က မျှော်မှန်းရေးဆွဲထားသော အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို မကြာမီအချိန်တွင် ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကိုစုစည်း၍ ညှိနှိုင်းပေါင်းစပ် သွားမည်ဟု ဆိုသည်။

လက်ရှိကြားကာလတွင် တိုင်းများ(မူရင်းတွင် တိုင်းဒေသကြီးများဟု သုံးနှုန်း) သို့မဟုတ် ဖက်ဒရယ်ယူနစ်များ၌ နိုင်ငံရေးတန်းတူရည်တူရှိမှု အခြေခံဖြင့် ကိုယ်စားပြုမှုရှိသော ဒေသခံနိုင်ငံရေးအင်အားစုများနှင့် အတူလက်တွဲ၍ ကြားကာလ အစီအမံများကို ရေးဆွဲအကောင်အထည်ဖေါ်နိုင်ရေးအတွက် NLD က ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးသည်။

ယင်းနောက် စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သော တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ကြေညာချက်ကို NLD ကကြိုဆိုကြောင်း ဖော်ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၇ရက်တွင် ကျင်းပနေစဉ်

အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ၏နေအိမ် အဆောက်အဦများ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာအဆောက်အဦများကိုလည်း မြေပြင်၌ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဗုံကြဲခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့မှုများကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်သေကြေပျက်စီးခဲ့ရသဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များအရ လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းတို့နှင့် ငြိစွန်းလျက်ရှိကြောင်း NLD က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းစွမ်းရည် မြှင့်တင်ရန် စစ်လက်နက်၊ ငွေကြေးနှင့်၊ နည်းပညာအကူအညီပေးနေသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများအနေဖြင့်လည်း လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများတွင် အလိုတူအလိုပါကြံရာပါများအဖြစ် သတ်မှတ်ခံရမည်ဟု သတိပေးဖော်ပြသည်။

ထို့အပြင် ပြည်သူလူထု၏ စစ်မှန်သောဆန္ဒကို လျစ်လျူရှု၍ ကျူးလွန်သူတရားခံဖြစ်သော စစ်ကောင်စီကို မျက်နှာသာပေး ချဥ်းကပ်အဖြေရှာနေမှုများသည် မြန်မာနိုင်ငံအကြပ်အတည်း ပြဿနာအတွက် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူပြုနိုင်မည် မဟုတ်ကြောင်း NLD က ခိုင်မာစွာယုံကြည်သည်ဟု ဆက်လက်ဖော်ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း(၃၆)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU-Burma)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်နိုင်ငံရေးကြားကာလပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Kachin Political Interim Coordination Team-KPICT) စသည့် နိုင်ငံရေးအဖွဲ့အစည်းများက သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်