ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)သည် ပြည်သူနှင့်အတူရပ်တည်လျက် ပြည်သူ့တပ်ဦးရှေ့မှ အာဏာ သိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိသည်ကို တိုင်းရင်းသားပြည်သူများကိုယ်စားများစွာကျေးဇူးတင် ဂုဏ်ယူလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့သည်။
ယနေ့(အောက်တိုဘာ ၂၅ရက်) ကျရောက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော်(Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၁) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ NUGက သဝဏ်လွှာပေးပို့ရာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့သည်။
KIO ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်နေ့ သည် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ထို့အတူ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးကြိုးပမ်းမှု၏ အမှတ်သညာတစ်ခုလည်းဖြစ်ကြောင်း ပါရှိသည်။
KIOသည်စတင်တည်ထောင်စဉ်က ကချင်လူမျိုးနှင့် ကချင်ဒေသလွတ်မြောက်ရေးအတွက် ရည်ရွယ်ခဲ့သော် လည်း၊ ယခုအခါ စစ်အာဏာရှင်လက်အောက် ကျရောက်နစ်မွန်းပြီး ဒုက္ခမျိုးစုံရင်ဆိုင်တွေ့ကြုံနေရလျက်ရှိသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက်၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရှေ့မှ၊ တိုင်း ရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နေပြီဖြစ်ဟု NUGက ဆိုသည်။

Public Service Announcement
၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သည့် ကချင်တောင်တန်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာသည့်အခါ ပြည်ထောင်စုအဖွဲ့ဝင် ကချင်ပြည် နယ်အဖြစ် ပါဝင်လာခဲ့ကြောင်း၊ သို့ရာတွင် ၁၉၅၈ တွင် အိမ်စောင့်အစိုးရပေါ်ပေါက်လာခြင်း၊ ၁၉၆၂ တွင် နိုင်ငံတော်အာဏာကို မြန်မာ့တပ်မတော်မှသိမ်းပိုက်ရယူလိုက်ခြင်းတို့နှင့်အတူ ကချင်လူမျိုးများ အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးရည်မှန်း ချက်သည်လည်း မှေးမှိန်ပျောက်ကွယ် သွားခဲ့ရကြောင်း ဖော်ပြထားသည်။
ယခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် မြန်မာ့တပ်မတော်မှနိုင်ငံတော်အာဏာကို ထပ်မံသိမ်းပိုက်ရယူလိုက် သည်သာမက စစ်အာဏာသိမ်းယူမှုကို အကြမ်းမဖက်ဆန့်ကျင်ကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်း သားပြည်သူများအား အကြမ်းဖက်နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်ကိုလုယူဖျက်ဆီးခြင်း၊ လူ့အခွင့်အရေးများချိုးဖောက်ခြင်းစသည်တို့ကို ပြုလုပ်လျက်ရှိရာ KIOသည် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်ကောင်စီကို ခုခံတွန်းလှန်ခြင်း၌ ပါဝင်ဦးဆောင်နေသည်ကို များစွာ ကျေးဇူးတင်သည်ဟု ဆိုသည်။
(၆၁)နှစ်တာကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့အား ခေါင်းဆောင်မှုပေးခဲ့ကြသည့် အဆက်ဆက် သောခေါင်းဆောင်များနှင့်တကွ (၆၁)နှစ်တာ ကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့၏ဦးဆောင်မှုအောက်တွင် ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့်အမျိုးသမီး၊ အမျိုးသားများအားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုကြောင်းလည်း NUG၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။
KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီ အင်ဘန်လကလည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်နေသည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း KIO ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ်နေ့ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။


















































