Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်သို့ စစ်ကောင်စီလေကြောင်းပျံသန်းမှုများနေ၍ မကွေးဒေသခံများ သတိပေး

စစ်ကောင်စီသည် မကွေးလေတပ်၊ ပုသိမ်လေတပ်၊ မိတ္တီလာလေတပ်တို့ကို အသုံးပြု၍ ချင်းပြည်နယ်သို့ လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

(ချင်းညီနောင်အဖွဲ့တိုက်ခိုက်နေသည့် မင်းတပ်မြို့အား စစ်ကောင်စီက နိုဝင်ဘာ ၂၂ရက်တွင် လေကြောင်းမှ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Hkl-Mindat)
(ချင်းညီနောင်အဖွဲ့တိုက်ခိုက်နေသည့် မင်းတပ်မြို့အား စစ်ကောင်စီက နိုဝင်ဘာ ၂၂ရက်တွင် လေကြောင်းမှ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Hkl-Mindat)

အိမ်သွင်/People’s Spring

မကွေးတိုင်းကိုဖြတ်ပြီး ချင်းပြည်နယ်သို့ စစ်ကောင်စီ၏တိုက်လေယာဉ်များ အဆက်မပြတ်ပျံသန်းနေ၍ ချင်းပြည်ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်သတိပြုကြရန် မကွေးမြို့ဒေသခံများက သတိပေးသည်။

“မင်းတပ်နဲ့ချင်းတောင်ဘက်ကို တက်နေတာ ခဏခဏပဲ။ မင်းတပ်မြို့သိမ်းတိုက်ပွဲချနေတယ်လို့ကြားတယ်။ မြို့ကျသွားလို့များလားမသိဘူး။ တိုက်လေယာဉ်တွေဆက်တိုက် ဖြတ်ပျံနေတယ်” ဟု မကွေးမြို့မှဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မကွေးလေတပ်၊ ပုသိမ်လေတပ်၊ မိတ္တီလာလေတပ်တို့ကို အသုံးပြု၍ ချင်းပြည်နယ်သို့ လေကြောင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ချင်းညိနောင်တပ်ဖွဲ့များက မင်းတပ်နှင့်ဖလမ်းမြို့သိမ်းတိုက်ပွဲအဖြစ် ဖော်ဆောင်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။ မင်းတပ်မြို့တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေပြီး ယမန်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီက မင်းတပ်မြို့အား လေကြောင်းတိုက်ခိုက်မှု၂၁ကြိမ်ပြုလုပ်ခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ဆလိုင်းယောမာန်က အသိပေးထားသည်။

ထို့အပြင် Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၁၀၀​ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၂ရက်က ၁၉နာရီဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆလိုင်းယောမာန်က အသိပေးသည်။

” တိုက်လေယာဉ်နဲ့ အကြိမ် ၂၀ ကျော် ကြဲတာပါ။ ဗုံးအလုံးရေဆို.. ၆၀ ကျော်ပါတယ်။ တစ်ခါကြဲရင်.. ပေါင် ၁၅၀ (၆) လုံး ဆက်တိုက် ကြဲတာမျိုး.. ပေါင် ၅၀၀ နှစ် လုံး ကြဲတာမျိုးပါ။ ဒါတောင် Y12 ကြဲတာ အကြိမ် ၁၀၀ ကျော်သေးတယ်”ဟု ဆလိုင်းယောမာန်က မင်းတပ်တိုက်ပွဲအတွင်း စစ်ကောင်စီက ဗုံးအလုံးရေ ၁၆၀ ကျော် ကြဲချတိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောပြသည်။

တိုက်ပွဲသတင်းများ၊အောင်ပွဲရသည့်သတင်းများ နှင့် အောင်မြင်မှုများကို သင့်တော်သည့်အချိန်တွင် အသိပေးသွားမည်ဟု ချင်းညီနောင်က ထုတ်ပြန်ထားသည်။ ချင်းညီနောင်နှင့် မဟာမိတ်များသည် နိုဝင်ဘာ ၉ရက်ကစတင်ပြီး ဖလမ်းနှင့်မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ယခုရက်ပိုင်းတွင် မကွေးတိုင်းတွင်လည်း ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် ဒေသချင်းဆက်စပ်နေသည့် ငဖဲမြို့နယ်တို့တွင် စစ်ရေးတင်းမာနေသည်။ ထိုအခြေအနေများကြားမှနေ၍ ချင်းပြည်နယ်မှဒေသခံများအတွက် လေကြောင်းအန္တရာယ်လုံခြုံရေးသတိပေးမှုကို မကွေးမြို့ရှိ ဒေသခံများက အသိပေးခြင်းဖြစ်သည်။

” စစ်တပ်က သူရှုံးလေအကြမ်းဖက်လေပဲ။ ကျနော်တို့မှာက လက်ရှိမှာ ပြည်သူပြည်သူချင်းပဲ အားပေးကြရမယ်။ ကာကွယ်ကြရမယ်။ ကျနော်ကတော့ လေကြောင်းပျံသန်းမှုတွေကို အဆက်မပြတ်စောင့်ကြည့်နေပြီး မိတ်ဆွေတွေကိုသတိပေးတယ်” ဟု မကွေးမြို့ခံတစ်ဦးကပြောသည်။

မင်းတပ်မြို့သည် စစ်ကောင်စီက လေကြောင်းမှ မကြာခဏတိုက်ခိုက်ခံရသည့်မြို့နယ်ဖြစ်သည်။အရပ်သားပြည်သူများအားပစ်မှတ်ထား၍ တိုက်ခိုက်နေသည့် စစ်ရာဇဝတ်မှုများအတွက် စစ်ကောင်စီတာဝန်ယူရမည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ထုတ်ပြန်ထားသည်။

ထို့အပြင် ဖလမ်းမြို့တွင်လည်း ချင်းညီနောင်က အောင်မြင်မှုများ ရရှိထားပြီး ဖလမ်းအခြေစိုက် စစ်ကောင်စီတပ်ကုန်း၏ ကာကင်းစခန်းကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ဇွန်လမှစက်တင်ဘာလအထိ ၄လအတွင်း မြန်မာနိုင်ငံအနှံ့၌ လေကြောင်းတိုက်ခိုက်မှု ၁,၂၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကလေးနှင့် အမျိုးသမီးများအပါအဝင် ၅၈၁ဦးသေဆုံးပြီး ၈၀၀ကျော် ဒဏ်ရာရခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုက နိုဝင်ဘာလ ၁၉ရက်က ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။