သထုံမြို့နယ် ကျိုက်ကော် ပိန္နဲတော် လေးကေလမ်းအပေါ်မှာ စစ်ကောင်စီဗိုလ်မှူးတစ်ဦးနဲ့ ဇနီးတို့ မောင်းနှင်လာတဲ့ ကားတစ်စီးကို မနေ့က KNLA တပ်မဟာ ၁ က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲဒီဗိုလ်မှူးသေဆုံးသွားခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက သထုံမြို့နယ် စကခ (၈) ရဲ့ ပိန္နဲတောစခန်းက ဗိုလ်မှူးစိုးသီဟနဲ့ ဇနီးဖြစ်သူတို့ဟာ အရပ်သားကားနဲ့ ကျိုက်ကော်မြို့ဘက်ကို ရိက္ခာတွေသွားဝယ်ပြီး ပြန်အလာမှာ ထုံးဘိုလေးကျေးနယ်အုပ်စု ထုံးဘိုကြီးကျေးရွာ သင်္ချိုင်းအနီးမှာ KNLA တပ်မဟာ ၁ က စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးစိုးသီဟသေဆုံးသွားခဲ့ပြီး ဇနီးသည်ကတော့ ပေါင်မှာဒဏ်ရာရရှိသွားခဲ့ပါတယိ။
“စစ်ကောင်စီကမောင်းလာတဲ့ ကားတစ်စီး ကျိုက္ကော်ဖက်က ပြန်တက်လာတယ်လို့သတင်းရတော့ ကျွန်တော်တို့က လမ်းမှာသွားစောင့်တယ်။ ပစ်သတ်ဖို့အစီအစဉ်မရှိပါဘူး။ အရှင်ဖမ်းဖို့ ဒါပေမယ့် သူ့ဖက်က ပစ္စတိုထုက်ပြီးပစ်ဖို့ကြိုးစားလို့ ပစ်သတ်လိုက်တာ တစ်ယောက်သေတယ်” လို့ KNLA တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီ ဗိုလ်မှုးဆီကနေ လက်နက်တစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗိုလ်မှုးရဲ့ ဇနီးဖြစ်သူကတော့ ညာဖက်ပေါင်မှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့လို့ ပိန္နဲတောဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ကေအဲန်ယူ သထုံမြို့နယ် သတင်းဌာနခွဲက တာဝန်ရှိသူထံကနေ သိရပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ပိန္နဲတောစခန်းက စစ်ကောင်စီတပ်ဖွဲ့တွေက အဲ့ဒီတိုက်ခိုက်ခံရတဲ့နေရာဘက်ကို လက်နက်ကြီးနဲ့ လေးချက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စကခ (၈) ပိန္နဲတောစခန်းဟာ ပိန္နဲတောရွာရဲ့ စာသင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ ဆေးရုံနံဘေးတွေမှာ စခန်းချတပ်စွဲထားပြီး ကျိုက်ကော် – လေးကေကားလမ်းမပေါ်မှာ စစ်ဆေးရေးဂိတ်တည်ဆောက်ကာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးတာ၊ ရိက္ခာဝယ်ပြီး ပြန်လာတဲ့ ကားဆိုင်ကယ်မောင်းနှင်လာသူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေလေ့ရှိတယ်လို့ ကေအဲန်ယူသထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


















































