Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီမှာ ခရစ္စမတ် စျေးတန်းကို ကားနဲ့ဝင်တိုက်လို့ ၂ ဦးသေ၊ ၇၀ နီးပါး ဒဏ်ရာရ

ဂျာမနီ နိုင်ငံက ခရစ္စမတ် စျေးတန်းတစ်ခုကို ကားနဲ့ ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်တဲ့ ဖြစ်ရပ်ကြောင့် အနည်းဆုံး ၂ ဦးသေပြီး လူပေါင်း ၇၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

ဂျာမနီ နိုင်ငံက ခရစ္စမတ် စျေးတန်းတစ်ခုကို ကားနဲ့ ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်တဲ့ ဖြစ်ရပ်ကြောင့် အနည်းဆုံး ၂ ဦးသေပြီး လူပေါင်း ၇၀ ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၂၀ ညပိုင်းတုန်းက မက်ဂ်ဒီဘက်ဂ်မြို့မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်မှာ SUV ကားတစ်စီးဟာ လူတွေ အုံခဲနေတဲ့ နေရာကို အရှိန်နဲ့ အပြင်းမောင်းပြီး ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် အခင်းဖြစ်ရာ နေရာမှာ သွေးစီးကြောင်းတွေ ထင်ကျန်နေပြီး ဆိုးရွားတဲ့ အနိဋ္ဌာရုံ မြင်ကွင်းတွေကို ကြုံခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ်တစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၆၈ ဦးထက်မနည်း ရှိခဲ့တယ်လို့ မက်ဂ်ဒီဘက်ဂ်မြို့ အာဏာပိုင်တွေက ဆိုပါတယ်။ အဲဒီမြို့ဟာ မြို့တော် ဘာလင်ရဲ့ အနောက်တောင်ဖက် ကီလိုမီတာ ၁၃၀ လောက် အကွာမှာ တည်ရှိပါတယ်။

ယာဉ်မောင်းကိုတော့ ရဲတွေက ဖမ်းဆီးရမိထားပြီး ဂျာမနီ အရှေ့ပိုင်း ဆက်ဆိုနီ အန်ဟော့တ်ထ် ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဆော်ဒီအာရေးဘီးယား နိုင်ငံသား ဆရာဝန် တစ်ဦးလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ရိန်နာ ဟာဆီလော့ဖ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆော်ဒီ ဆရာဝန် တစ်ဦးဖြစ်တဲ့ ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိထားကြောင်း၊ သူဟာ ၂၀၀၆ ခုနှစ် ကတည်းက ဂျာမနီမှာ နေထိုင်နေခဲ့သူဖြစ်ကြောင်း ဟာဆီလော့ဖ်က ဆိုပါတယ်။ ပြီးတော့ အခုလို တိုက်ခိုက်မှုမျိုးဟာ မြို့အတွက်ရော၊ ဂျာမနီ တစ်နိုင်ငံလုံး အတွက်ပါ နာကျင်စရာ ဖြစ်ရပ်ဆိုးကြီးလို့ သူက ပြောဆိုသွားပါတယ်။

နောက်ပြီး ဖမ်းဆီးထားသူဟာ တိုက်ခိုက်မှုကို တစ်ကိုယ်တော် ကျူးလွန်ခဲ့တယ်လို့ နားလည်ထားတာကြောင့် နောက်ဆက်တွဲ တိုက်ခိုက်မှုတွေ ရှိလာနိုင်မှာ မဟုတ်ဘူးလို့လည်း ဟာဆီလော့ဖ်က မှတ်ချက်ပေးသွားပါတယ်။

ရဲတွေက ကျူးလွန်သူရဲ့ နာမည်ကို တရားဝင် မထုတ်ပြန်သေးပေမယ့် ဂျာမနီ မီဒီယာ တချို့ကတော့ နာမည် တပိုင်းတစအဖြစ် တာလက်ဘ် အေလို့ သုံးနှုန်းနေပြီး စိတ်ရောဂါကု ဆရာဝန် တစ်ယောက်လို့ ဖော်ပြထားကြပါတယ်။

တာလက်ဘ် အေဟာ အနက်ရောင် BMW SUV တစ်စီးကို လူအုပ်ထဲ ဝင်တိုက်ပြီး မီတာ ၄၀၀ လောက်ထိ ဆက်မောင်းသွားခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ အခုဖြစ်ရပ်ဟာ ၂၀၁၆ တုန်းက ဘာလင်မှာရှိတဲ့ ခရစ္စမတ် စျေးတန်း တစ်ခုကို တူနီးရှား နိုင်ငံသား တစ်ယောက်က ကုန်တင် လော်ရီကားကြီးနဲ့ ဖြတ်မောင်းပြီး ဝင်တိုက်ခဲ့လို့ လူ ၁၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုးကို အမှတ်ရမိစေပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်လို့ နောက်ပိုင်းမှာ အိုင်အက်စ် အကြမ်းဖက် အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဂျာမနီဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အစွန်းရောက် အကြမ်းဖက် ဝါဒကို အခြေပြုတယ်လို့ ယုံကြည်ရတဲ့ ဓားကိုင်ရမ်းကား တိုက်ခိုက်မှုတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်အတွက် သူလျှို လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို လျှော့ချမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောပါတယ်။