Connect with us

Hi, what are you looking for?

သတင်း

NUG အစိုးရအဖွဲ့ဝင်များ အပြောနှင့် အလုပ်ညီအောင်လုပ်ရန် ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ဝင်များအနေဖြင့် အပြောနှင့် အလုပ်ညီအောင် လုပ်ဆောင်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇန်နဝါရီ ၇ရက်) ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ၂၀၂၃မေလအတွင်းက PDF ရှေ့တန်းစခန်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - NUG

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ဝင်များအနေဖြင့် အပြောနှင့် အလုပ်ညီအောင် လုပ်ဆောင်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇန်နဝါရီ ၇ရက်) ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းပြောကြားသည်။

ယခု ၂၀၂၅သည် အပြောင်းအလဲများမည့် နှစ်ဟု ခံယူပြီး ချီတက်ဖြတ်သန်းရန် ယာယီသမ္မတက ပြောကြားပြီး အပြောင်းအလဲများ ကြုံလာရမည့် နှစ်ဖြစ်သကဲ့သို့ အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်လည်းအပြောင်းအလဲများ လုပ်ကြရမည့်နှစ်ဟု ယူဆကြောင်း ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့ဟာ တော်လှန်ရေးအလုပ်တွေကို မြန်အောင် လုပ်ရမယ်၊ လွယ်ကူအောင်လည်း လုပ်ရမယ်၊ ထိရောက် အောင်လည်း လုပ်ရမယ်ဆိုတဲ့ မူဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၂၄နှစ် မကုန်ခင်ကတည်းက ယခု ၂၀၂၅ အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင် ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

၎င်းကဆက်လက်ပြီး “တချို့ကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ် ဆွေးနွေးနေဆဲရှိသလို အတော်များများကတော့ ကျွန်တော်တို့အားလုံးမှာ လွှမ်းခြုံမိတဲ့ ဆုံးဖြတ်ချက်တွေ ဦးတည်ချက်တွေ ရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အပြောနဲ့ အလုပ် ညီကြဖို့၊ လက်တွေ့ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေမှာ စနစ်တကျ အကောင်အထည်ဖော်ကြဖို့ ကျွန်တော့်အနေနဲ့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

၂၀၂၄ ခုနှစ်ထက် သာလွန်သည့် စွမ်းဆောင်ရေများဖြစ်အောင် ကြိုးစားကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။

“ယခု ၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ – ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး” နဲ့ “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူးဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်” ဟုလည်း ယာယီသမ္မတက ပြောသည်။

အပြောင်းအလဲ အလိုရှိ၍ တော်လှန်ရေးအစိုးရ အဖြစ်ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း၊ ပြည်သူနှင့် နိုင်ငံအတွက် ကောင်းသော ပြောင်းလဲခြင်းများ ဖြစ်အောင် ပဲ့ပြင် တည်ဆောက်ယူမည်ဟု ခံယူကြောင်း ယာယီသမ္မတက ပြောကြားသည်။

“မိမိကိုယ်ကို ပြောင်းလဲဖို့ လိုအပ်လာရင်လည်း ဘာကိုမှ မတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအတွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင် နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ရုံးအဖွဲ့ တာဝန်ရှိသူများက မြေပြင်ရှိ ရဲဘော်များအား သွားရောက်တွေ့ဆုံမှုကိုတွေ့ရပြီး ယင်းသို့ မြေပြင်ရဲဘော်များနှင့် ထိတွေ့နိုင်မှုသည် ရဲဘော်များအတွက် စိတ်ဓာတ်ခွန်အားများစွာမြင့်တက်စေသကဲ့သို့ တော်လှန်ရေး တစုံလုံးအတွက်လည်းများစွာ အားဖြစ်စေသည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် ကမ္ဘာအခြေအနေအရပ်ရပ်က မျက်နှာသာပေးမှု အများကြီး မရှိတဲ့အပေါ်စိတ်ပျက်အားငယ်နေစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ တော်လှန်ရေးကိုအဆုံးသတ် အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ယာယီသမ္မတဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတိ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယာယီသမ္မတနဲ့ KNUဗဟိုက ဒီကနေ့ စက်တင်ဘာ ၂၅ရက်ညပိုင်းမှာ သတင်းထုတ်ပြန် အသိပေးခဲ့ပါတယ်။