Connect with us

Hi, what are you looking for?

သတင်း

KIA၏ လက်နက်ကြီးထိမှန်၍ ဗန်းမော်ရှိ စစ်ကောင်စီအမြောက်တပ် လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲ

ဗန်းမော်မြို့သိမ်းစစ်ဆင်​ရေး ရက်ပေါင်း ၅၀ ကျော်အတွင်း စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၉ စီး ကို KIA နှင့်ပူး​ပေါင်းတပ်သိမ်းပိုက်ရရှိထား

စစ်တပ်ထံမှ KIA သိမ်းဆည်းရရှိထား​သောသံချပ်ကာ ၁ စီး ။ဓါတ်ပုံ-The Kachin Net

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်အခြေစိုက် အမြောက်တပ် အမတ(၃၆၆) တပ်ရင်းဌာနချုပ် အတွင်းရှိ လက်နက်ခဲယမ်း သိုလှောင်ရုံသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၂၅ရက် ညပိုင်း၌ မီးလောင်ပေါက်ကွဲသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

KIA နှင့်ပူး​ပေါင်းတပ်များက ဗန်းမော်အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီးရှိ သံချပ်ကာ တပ်ရင်းကို ဇန်နဝါရီ ၂၅ရက် ညနေပိုင်း၌ အပြီးသိမ်းပိုက်ခဲ့သည်။ထို့အပြင် အမြောက်တပ်ကို KIAက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဇန်နဝါရီ ၂၅ ရက်နေ့ညနေ ၆နာရီမှစ၍ မီးလောင်ပေါက်ကွဲပြီး ၃နာရီခန့် ကြာမြင့်ခဲ့သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

“အမတ အမြောက်တပ် ၃၆၆ သူတို့ရဲ့ လက်နက် သိုလှောင်ရုံက မီးလောင်ပေါက်ကွဲသွားတယ်။ ငါတို့ လက်နက်ကြီးနဲ့ ပစ်လိုက်တာ။ တညလုံးမီးလောင်တာ။ ၃ နာရီလောက်ထိ မီးလောင်တာ။ မီးလောင်ပေါက်ကွဲတာ ၃နာရီလောက်ကြာတယ်။ အမတ( ၃၆၆) နဲ့ သံချပ်ကာတပ်ရင်းက စကခ(၂၁)နဲ့ ကပ်လျက် အားလုံးဆက်စပ်နေတာ” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဇန်နဝါရီ ၂၅ ရက်ညတွင် ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် သံချပ်ကာတပ်ရင်းမှ သံချပ်ကာယာဥ် ၈ စီး ထရပ်ကား ၁ စီး စုစု​ပေါင်းယာဥ် ၉ စီးသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်​ကြောင်း၎င်းကဆက်​ပြောသည်။

အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း”ဟုတ်တယ် ။ လက်နက်သိုလှောင်ထားတဲ့ ဗုံးသီးကျည်ပေါ့ လက်နက်တွေသိုလှောင်ထားတဲ့ အဆောက်အအုံတစ်ခုတော့ ပေါက်ကွဲသွားတယ် ပျက်စီးသွားတယ်လို့ ကြားတယ်။ ဒါပေမဲ့ လက်နက်သိုလှောင်ထားတာ ဘယ်နှစ်ခုရှိလဲတော့ မသိဘူးပေါ နော်။ တစ်ခုတော့ ပေါက်ကွဲသွားတယ်လို့ ကျနော်လည်း သတင်းပို့ထားတာရှိတယ်” ဟု ဇန်နဝါရီ ၂၆ ရက်မနက်ပိုင်းတွင် ပြောသည်။

KIA အနေဖြင့် ဇန်နဝါရီ ၂၄ရက်တွင် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို အရှိန်မြှင့်ခဲ့ရာ ယင်းနေ့၌ပင် သံချပ်ကာ တပ်ရင်းကို ဝင်စီးနိုင်ပြီး သံချပ်ကာ ၄စီး သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၂၅တွင် နောက်ထပ် သံချပ်ကာ ၄စီးနှင့် စစ်သုံးထရပ်ကား၁ စီး ထပ်မံ သိမ်းရခဲ့ခြင်းဖြစ်သည်။

KIAသတင်းပြန်ကြားရေးဌာနကလည်း ဇန်နဝါရီ ၂၅ ရက်​နေ့ည​နေတွင် ဗန်းမော်အခြေစိုက် ၆၀၀၇ သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ရရှိထားပြီး သံချပ်ကာ ၇စီးသိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီးကချင်ဘာသာဖြင့် သတင်းထုတ်သည်။

စစ်ကောင်စီအနေဖြင့် သံချပ်ကာယာဉ်များကို အသုံးပြုပြီး မိုးမောက် ခမရ(၄၃၇) တိုက်ပွဲ၌လည်း စစ်ကူ ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။ ၂၀၂၄ ဩဂုတ်တွင် ခမရ(၄၃၇) ကျပြီးနောက်တွင်လည်း ဗန်းမော်မှ မိုးမောက်ဘက်သို့ တင့်၊ ခြေလျင် ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲခဲ့ရာ KIAနှင့် တိုက်ပွဲပြင်းထန်ခဲ့သည်။ ခမရ(၄၃၇) တိုက်ပွဲနှင့် ဗန်းမော်-မိုးမောက်ကြား တိုက်ပွဲများတွင်လည်း KIAက စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၂စီးထက်မနည်း သိမ်းပိုက်ရရှိထားသည်။ ထို့ပြင် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအစ ဒီဇင်ဘာလဆန်းကလည်း သံချပ်ကာယာဉ် ၁စီးကို KIAက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။

“စစ်ကောင်စီက ခြေလျင်နဲ့တင့် ပူးပေါင်းစစ်ဆင်တဲ့ စစ်မဟာဗျူဟာတစ်ခုကို လုပ်နေတယ်။ လုပ်နေတဲ့အနေအထားမှာမှ တင့်ကားတွေထုတ်သုံးလာတယ်။တင့်ကားတွေထုတ်သုံးလာရင်း တင့်ကားတွေပါ ပါသွားတယ် ဆိုတဲ့အနေအထားပေါ့။ အဲဒီတော့ သူတို့ရဲ့ ခြေလျင်တင့် မဟာဗျူဟာ ကလည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။ သူတို့လုပ်မလို့ ရှိတုန်းပဲရှိသေးတယ် ပြင်ဆင်နေတုန်းပဲရှိသေးတယ် သူတို့ စမ်းထုတ်လိုက်တာနဲ့ သူတို့ သံချပ်ကာကားတွေကိုပါ ဆုံးရှုံးသွားတယ်၊ သံချပ်ကာ တပ်ရင်းလိုက်ပါသွားတယ်ဆိုတာ မျက်ဝါးထင်ထင်တွေ့ရတာပေါ့” ဟု CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။

လက်ရှိတွင် ဗန်းမော်မြို့တွင်း၌ စစ်ကောင်စီ ကင်းစင်သွားသည့်အနေအထားဖြစ်ပြီး ဗန်းမော် စကခ(၂၁) ဌာနချုပ်နှင့် လက်ရုံးတပ်ရင်းဌာနချုပ်များ ကျန်ရှိနေသေးသည်ဟုဆိုသည်။

“ဗန်းမော်တပ်နယ်မှာ ကျန်တဲ့ လက်ရုံးတပ်တွေရှိသေးတယ်။ အမ်းတို့၊ လားရှိုးတို့လိုပဲ ကွပ်ကဲမှုဌာနချုပ်ရှိတဲ့ဟာပေါ့။ ရက်ပိုင်းပေါ့ ရက်ပိုင်းဆိုတာထက် မကြာခင်မှာတော့ ဗန်းမော်တခုလုံးမှာ စစ်တပ်ကင်းစင်သွားကာမှ တပ်ရင်းဌာနချုပ်တွေ လုံး၀ကို သိမ်းပိုက်နိုင်ကာမှ လွတ်မြောက်တယ်လို့ ပြောလို့ရတာလေ။ မကြာခင်တော့ ဒီတပ်ရင်းဌာနချုပ်တွေအကုန်လုံးအားလုံးနီးပါးကို KIAက နေပြီးတော့ ကချင်လွတ်မြောက်ရေးတပ်မတော်ကနေ အလံစိုက်ပြီးတော့ သူတို့ကို မောင်းထုတ်တာတို့ လက်နက်ချတာတို့ အလံဖြူထောင်တာတို့ ပေါ့နော် ဒါမျိုးတွေဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။

ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဥ်၊ Y12 လေယာဉ်များ အသုံးပြုပြီး အပြင်းအထန်ခုခံနေသော်လည်း KIAအ နေဖြင့် ဗန်းမော်ကို မရရအောင် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်မည်ဟု ယူဆကြောင်း ကချင်စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။ ရက်ပေါင်း ၅၀ကျော်ကြာနေပြီဖြစ်သည့် ဗန်းမော်တိုက်ပွဲသည် နှစ်ဖက်စလုံးအတွက် အရေးပါသည့် တိုက်ပွဲဖြစ်၍ တိုက်ပွဲပြင်းထန်မှုနှင့်အတူ နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြားနေကြောင်းလည်း ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။