တနင်္သာရီတိုင်း ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး၏နေအိမ်ကို အကြမ်းဖက်စစ် ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ယနေ့ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ခန့်က လောင်းလုံမြို့နယ် စစ်ပြဲကျေးရွာရှိ သပိတ်ကော်မတီအဖွဲ့ဝင် ကိုဝေယံစိုး၏ နေအိမ်ကို နိုဝင်ဘာ ၂ ရက်နံနက် ၁နာရီခန့်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ မပြုလုပ်မီ နိုဝင်ဘာ ၁ ရက် ည ၈နာရီခန့်ကလည်းကိုဝေယံစိုး၏ နေအိမ်ကို အကြမ်းဖက်စီးနင်းခဲ့ပြီး နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးကာ ဆိုင်ကယ်နှစ်စီးကို လည်း ခိုးယူသွားခဲ့သည်။
“လောင်းလုံဘက်က သပိတ်တွေ အားကောင်းနေလို့ဖြိုခွင်းဖို့လုပ်ချင်နေတာ၊ ဒါကြောင့် သပိတ်ခေါင်းဆောင်တွေကို လိုက်မဲနေတာ”ဟု လောင်းလုံဒေသခံတစ်ဦးကပြောသည်။
ထို့အတူ နိုဝင်ဘာ ၁ ရက် ည၈နာရီတွင်လည်း အကြမ်း ဖက်စစ်ကောင်စီတပ်သားများသည် လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ နေအိမ်ကိုလည်း အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သည်။
ထိုသို့ဝင်ရောက်စီးနင်းပြီးနောက် ကိုမင်းလွင်ဦးကိုမတွေ့သဖြင့် မိခင်ဖြစ်သူ အသက် (၅၆)အရွယ် ဒေါ်ချိုသန်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။