ရဲခေါင်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်တွင် နေ့စဥ်တိုက်ပွဲဖြစ်နေပြီး အထိနာနေသော စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းနေကြောင်း ဗမာ့တပ်တော် – BAMAR ARMYက ယနေ့(မတ်လ ၁၈ ရက်)တွင် ထုတ်ပြန်သည်။
ယခုမတ်လအတွင်း စစ်ကောင်စီတပ်သည် စလင်းမြို့နယ်အတွင်း အင်အားအများဆုံးသုံးကာထိုးစစ်ဖြင့် စစ်ကြောင်းထိုးနေခြင်းဟု အသိပေးသည်။
စစ်ကြောင်းများတွင် တင့်ကား၊ သံချပ်ကာကားများပါဝင်ပြီး ရေကြောင်းအတွင်းမှလည်း စစ်သင်္ဘောများပါရှိကြောင်း ဖော်ပြသည်။

Public Service Announcement
ထို့အပြင် မတ်လ ၁၆ ရက်တွင် စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့ဘက်သို့ အင်အားဖြည့်ရန်လာသည့် အင်အား၂၀ခန့်ပါရှိသော စစ်ကောင်စီ၏ သံပြားကာကားတစ်စီးအား ဖြတ်တောက်ဟန့်တားတိုက်ခိုက်ခဲ့ဟု ဆိုသည်။
တိုက်ခိုက်မှုတွင် စစ်သားတစ်ဦး သေဆုံးကာဒဏ်ရများသူများရှိသည်ကို တပ်တွင်းသတင်းရင်းမြစ်ထံမှသိရှိကြောင်း BAMAR ARMY က ဖော်ပြသည်။
စစ်ကောင်စီ၏ သံပြားကာယာဥ်သည် ဆင်ဖြူကျွန်းမြို့သို့ရောက်ရှိခြင်း ရှိ၊မရှိကို BAMAR ARMYထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။
“ထိတွေ့မှု ရှိနေတာတော့ ဟုတ်ပါတယ်။အသေးစိတ် သတင်းကတော့ ကျနော့်ဆီကိုလည်း ရောက်ရှိမလာသေးပါဘူး”ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
စလင်းမြို့နယ်တွင် စလင်း-ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းသည် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်း စက်ရုံများရှိရာ ဆိပ်ဖြူမြို့နယ်ဘက်သို့ သွားရာလမ်းဖြစ်ပြီး စစ်ရေးအရ အရေးပါ၍ စစ်ကောင်စီက နယ်မြေစိုးမိုးရန်ကြိုးပမ်းနေခြင်းဟု သိရသည်။
“ဆင်ဖြူကျွန်းနဲ့တညောင်ကြားက စိုးမိုးနယ်မြေကို သူတို့(စကစ)ဘက်က ပြန်လည်ရယူပြီး ဆင်ဖြူကျွန်းဆိတ်ဖြူ ကားလမ်းကို သိမ်းချင်နေတာ”ဟု စလင်းမြို့ခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
စစ်ရေးအချက်အလက်များအရ စစ်ကောင်စီသည် ခလရ (၂၅၃၊၂၅၄ ၊၂၅၅)၊ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၁)အပါအဝင် ပခုက္ကူခြေမြန်တပ်မဌာနချုပ်(၁၀၁)၊ မိတ္ထီလာနှင့် မကွေး လက် အောက်ခံတပ်များအသုံးပြု၍ စလင်းနှင့် ပွင့်ဖြူမြို့နယ်တို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးသည်။
အဆိုပါ စစ်ကြောင်းများတွင် စစ်မှုထမ်း တပ်သားသစ်များစွာပါရှိပြီး ၎င်းတို့ကို ကျေးရွာများမီးရှို့ရာတွင် စစ်ကောင်စီတပ်က ဦးဆောင်ခိုင်းစေမှုများရှိနေသည်။
မတ်လအတွင်း စလင်းမြို့နယ်၌ ကျေးရွာအုပ်စု ၅ ခုရှိ ကျေးရွာပေါင်း ၁၇ ရွာမှ ဒေသခံပြည်သူတစ်သောင်းကျော်မှာ စစ်ဘေးရှောင်နေရပြီး အကူအညီများစွာလိုအပ်နေကြောင်းလည်း ဒေသတွင်းကူညီရေးဆောင်ရွက်နေသူများက အသိပေးထားသည်။


















































