မတ်-၂၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး – ထားဝယ်လမ်းပိုင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ RPG အပါအဝင် သေနတ်ငါးလက်သိမ်းရခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(မတ်လ ၂၄ ရက်)နံနက် ၉နာရီခန့်က ရေဖြူနယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာကြား ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်း၌ လမ်းကင်းထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။
“တိုက်ခိုက်ချိန် ၂နာရီလောက် ကြာပါတယ်ခင်ဗျ။ စကစ အင်အားက ၁၅၀၊၂၀၀ ဝန်ကျင်လောက်ရှိပါတယ်”ဟု စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်မှုအခြေအနေကို ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက လူ ထုနွေဦးသို့ ပြောသည်။

Public Service Announcement
ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရှိသွားရာ လက်နက်ကြီးပစ်ကူအများအပြားပေးသည့်အပြင် စက်တပ်လေထီ (Paramotor)တစ်စီးဖြင့် လေကြောင်းမှ ပစ်ကူပေးခဲ့ကြောင်း ဒူရကစစ်ကြောင်းက အသိ ပေးသည်။
စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုနှင့် စပ်လျဥ်း၍ လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသော်လည်း ဒူရကစစ်ကြောင်းမှ ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လမ်းဘေးလဲကျနေသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်ထံမှ RPG 7 တစ်လက်၊ MA4 တစ်လက်၊ MA3 တစ်လက်၊ MA1 နှစ်လက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ကစဥ့်ကလျားဖြင့် ရေဖြူမြို့ဘက်သို့ ပြန် လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်နေရာမှာ မြို့ဧရိယာနှင့် မလှမ်းမကမ်းတွင် တည်ရှိကြောင်း ဒုရကစစ်ကြောင်းတာ ဝန်ရှိသူက ရှင်းပြသည်။
အလားတူ မတ်လ ၂၂ ရက်ကလည်း ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်တွင် ဂိတ်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
ထို့အပြင် မတ်လ ၁၈ ရက်က ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ စျေးထွက်ချိန် ဒူရကစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားသုံးဦးသေဆုံးကာ သေနတ်သုံးလက် ရရှိခဲ့သည်။


















































