အောက်တိုဘာ-၈ရက်၊၂၀၂၅။လူအေး/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်မဲမြို့နယ်ထဲက လွယ်ခေါ်ကျေးရွာကို အောက်တိုဘာ ၅ရက်က စစ်ကောင်စီတပ်စစ်ကြောင်းရောက်ရှိနေပြီး တအာင်းတပ်မတော်(TNLA)နဲ့ တိုက်ပွဲတွေဖြစ်နေတာလို့ ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။
” မြေပြင်စစ်ကြောင်းက သီပေါကိုတည်တာ။ လေကြောင်းကနေကကျတော့ သီပေါနဲ့ကျောက်မဲပတ်ဝန်းကျင်ကို ကြဲနေတာ။ လွယ်ခေါ်မှာဖြစ်နေတဲ့တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
လွယ်ခေါ်ရွာနဲ့ အနီးဝန်းကျင်နေရာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာ ၅ရက် ညနေမှာ Y12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ကျော်ကြဲလို့ အရပ်သားနှစ်ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲက ဒီနေ့(အောက်တိုဘာ ၈ရက်) ညပိုင်းမှာလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့သိရပါတယ်။
လွယ်ခေါ်ရွာဟာ ကျောက်မဲမြို့နယ်ထဲမှာပါဝင်ပြီး သီပေါမြို့နဲ့ဆက်စပ်နေတဲ့ ရွာဖြစ်ပါတယ်။ တိုက်ပွဲကြောင့်ဒေသခံတွေ တိမ်းရှောင်နေကြပေမဲ့ ရွာထဲမှာ ကျန်နေသူတချို့လည်းရှိနေပါသေးတယ်။
ကျောက်မဲမြို့နယ်၊ နောင်ပိန်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းအကူအညီနဲ့စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းမှာ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ကျောက်မဲမြို့ကိုလည်းအောက်တိုဘာ၂ရက်မှာ ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
အဲဒီနောက် TNLAထိန်းချုပ်မြို့နယ်တွေဖြစ်တဲ့ မန္တလေးတိုင်က မိုးကုတ်မြို့အပြင် သီပေါ၊ ကျောက်မဲမြို့တို့နဲ့ ဆက်စပ်နေတဲ့ မိုင်းငေါ့၊ မိုင်းလုံ၊ နမ္မတူမြို့တွေကိုလည်း လေကြောင်းကနေ နေ့စဉ်ဗုံးကြဲခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ TNLAက အောက်တိုဘာလ၂ရက်မှာထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲတွေပြင်းထန်နေစဉ်မှာ နမ္မတူ -သီပေါမြို့ကို ဆက်သွယ်ထားတဲ့ သီပေါမြို့နယ်ထဲက မိုးတေကျေးရွာတံတားကို TNLAက ဗုံးခွဲဖျက်စီးလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေနဲ့ သတင်းဌာနအချို့က သတင်းအမှားတွေ ဖော်ပြခဲ့ကြပါတယ်။ဒါပေမယ့် တံတားကျိုးခြင်းလုံးဝမရှိဘူးလို့ သီပေါမြို့ခံတချို့က ပြောပါတယ်။
မိုးတေတံတားဖောက်ခွဲဖျက်ဆီးခံရ ဆိုသည့်သတင်းမှန်ကန်မှုမရှိဘဲ နဂိုမူလပကတိအတိုင်း ကောင်းမွန်စွာ ရှိနေတယ်လို့ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)က ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့မှာ ကျောက်မဲမြို့နယ်က နမ့်မန်းတံတားကို လေကြောင်းကနေ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချဖျက်ဆီးခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ နမ့်မန်းတံတားကို ၁၀၂၇စစ်ဆင်းရေးအပိုင်း(၂)အတွင်းမှာလည်း မိုင်းခွဲဖျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။
TNLAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းကမိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။
၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ အောက်တိုဘာလဆန်းမှာ ကျောက်မဲမြို့ကိုလည်းထပ်မံလက်လွှတ်လိုက်ရပြီး လက်ရှိမှာလည်း သီပေါမြို့ကိုဦးတည်နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်နေရပါတယ်။
ရှမ်းမြောက်က ကျောက်မဲနဲ့နောင်ချိုမြို့ကနေ ဆုတ်ခွာလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေ ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့ တအာင်းတပ်မတော် (TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို အောက်တိုဘာ ၂ရက်မှာ ပြောပါတယ်။
ဒါ့အပြင် ရှမ်းမြောက်က လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် တော်လှန်ရေးတပ်တွေအားလုံးကိုလည်း စစ်ကောင်စီတပ်ကို အတူပူးတွဲတိုက်ဖို့ ဖိတ်ခေါ်တယ်လို့ TNLAက ပြောပါတယ်။
“ အားလုံးပူးပေါင်းဖို့အမြဲဆန္ဒရှိပါတယ်။လောလောဆယ်ကတော့ ပူးပေါင်းလာတာမျိုးတွေရှိသလို မပူးပေါင်းပဲ ကျန်ရှိနေသေးတာလည်းရှိပါတယ်။ အတတ်နိုင်ဆုံးကတော့ ကျွန်မတို့ဘက်ကတော့တံခါးဖွင့်ထားပြီးတော့မှပူးပေါင်းဆောင်ရွက်ဖို့ အမြဲရှိပါတယ်” လို့ လွေးယေဦးက ပြောပါတယ်။
လက်တလောမှာ အင်အားမမျှတတာရယ် လက်နက်ခဲယမ်းနဲ့ လူအင်အား မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့လည်း ပြောပါတယ်။
















































