Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြောင့် တစ်လတာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ ကြေညာ

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညီနောင်မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ ယခုဧပြီလကုန်ပိုင်းအထိ တစ်လတာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကိုးကန့်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ တအာင်း(TNLA) ညီနောင်မဟာမိတ် (၃)ဖွဲ့က ယနေ့(ဧပြီ ၁ရက်)တွင် ကြေညာချက် ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်နိုင်ရန် ညီနောင်မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ ယခုဧပြီလကုန်ပိုင်းအထိ တစ်လတာ တစ်ဖက်သတ်အပစ်ရပ်ကြောင်း ကိုးကန့်(MNDAA)၊ အာရက္ခတပ်တော်(AA)၊ တအာင်း(TNLA) ညီနောင်မဟာမိတ် (၃)ဖွဲ့က ယနေ့(ဧပြီ ၁ရက်)တွင် ကြေညာချက် ထုတ်ပြန်သည်။

အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအများအပြား၌ ပြည်သူလူထုများစွာ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် အခြေအနေတွင် ညီနောင်သုံးဖွဲ့က အပစ်ရပ်ကြေညာခဲ့ခြင်းဖြစ်သည်။

ငလျင်နောက်ဆက်တွဲအခြေအနေများကို အလေးအနက်ထား စောင့်ကြည့်လေ့လာပြီးနောက် ငလျင်ဒဏ်သင့်မြိုများတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး၊ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေကြသော ပြည်တွင်း၊ ပြည်ပကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ စိတ်လက် ကြည်သာစွာ လုပ်ကိုင်နိုင်ကြစေရန် လိုလားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးတကြီးနှင့် အရေးပေါ်ချက်ချင်း လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အထူးလိုလားကြောင်း ထုတ်ပြန်သည်။

ယခု ကြေညာချက် ထုတ်ပြန်လိုက်သည့်အချိန်မှစတင်ပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် တုံပြန်မှုမျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဟု ကြေညာထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ ကဲ့သို့ပင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ငလျင်ဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ထိုးစစ်ဆင်မှုများ ၂ပတ်ကြာ ရပ်စဲသွားမည်ဟု အသိပေးထားသည်။

သို့သော် စစ်ကောင်စီသည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော တအာင်းတပ်မတော် (TNLA)၊ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေသို့ လေကြောင်းတိုက်ခိုက်မှုများ ယခုရက်ပိုင်း ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ရှမ်းမြောက်ရှိ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၁ရက်)တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယနေ့ နံနက်တွင် စစ်ကောင်စီက နောင်ချိုမြို့နယ် အုမ္မတီ-ဆမ္မကျေးရွာကြားရှိ တောင်လှရွာနှင့် ဂေါ်ရခါးရွာကို ဒရုန်းဖြင့် (၁)ကြိမ်၊ ဂျတ်ဖိုက်တာဖြင့် (၁)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၂)လုံး ဗုံးစထိမှန်ပျက်စီးခဲ့ဟု အသိပေးထားသည်။

မတ်လ ၃၁ရက်ကလည်း နောင်ချိုမြိုနယ်၊ ကျောက်ကြမ်းကျေးရွာကို ဒရုန်းဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။ထို့အပြင် မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်ချိန်ကလည်း နောင်လင်ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ငလျင်မတိုင်မီကလည်း နောင်ချိုကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် AA ထိန်းချုပ်ထားသည့် မြောက်ဦးမြို့ကို မတ်လ ၃၁ရက်ညက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ သေဆုံးမှုရှိခဲ့သည်။

စစ်ကောင်စီတပ်သည် KIA တပ်မဟာ(၈)နယ်မြေ မိုးညှင်းခရိုင်၊ KIAက မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေသည့် ဗန်းမော်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့အနီး နှင့် အညာဒေသတို့ကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။