စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံး၊ လက်နက်ခဲယမ်းများရ
ဧပြီ၁၂၊၂၀၂၅။ဟန်နွေ၊ကဖေး/People’s Spring
ကလေးမြို့၏ အဓိက ကာကင်းစခန်းတစ်ခုဖြစ်သော ကြံသာရွာအခြေစိုက် စစ်ကောင်စီစခန်းကို ဧပြီ ၁၁ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်က အပြီးသတ်ချေမှုန်းရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုရှိခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“အဲဒီမှာ သူတို့ဘက်က ၁၅ ယောက်လောက် ထိခိုက်ကျဆုံးရှိသလို ကျနော်တို့ဘက်က အထိအခိုက်အနည်းအကျဉ်းတော့ရှိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
ငလျင်ဘေးကြောင့် အပစ်ရပ်စဲရေးကြေညာထားသည့်အချိန် စစ်ကောင်စီဘက်က တိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ကြံသာစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု ရှင်းပြသည်။
“ကျနော်တို့ ယာယီအပစ်ရပ်ထားပေမယ့် သူတို့ဘက်ကနေ ကျနော်တို့ကို လာပြီး အမြဲတမ်းလာပြီး ခြိမ်းခြောက်ပြီးတော့ ပစ်ခတ်မှုတွေလာလုပ်နေတဲ့အတွက် ကျနော်တို့ ခုခံကာကွယ်တဲ့အနေနဲ့ ကျနော်တို့ လက်ဦးမှု သွားယူတာဖြစ်ပါတယ်။ငလျင်ဒါဏ်ခံ ပြည်သူလူထုထံ ပံ့ပိုးနိုင်ရေးအတွက် အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီးစကစက စစ်ရေးလာထိုးနေတော့ကိုယ်ကိုယ်ကိုခုခံကာကွယ်ဖို လက်ဦးမှုယူလိုက်တာပါ၊ အလှူရှင်တွေ လွတ်
လပ်စွာ သွားလာနိုင်ရေးအတွက်ပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်ရှိကြံသာစစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှုကို မြန်မာနိုင်ငံလုံးဆိုင်ရကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က လည်းဧပြီ ၁၂ရက်တွင် သတင်းထုတ်ပြန်ထားသည်။
“ကလေးမြို့ကို အဓိက ကာထားတဲ့ စခန်း။ အခု ရှင်းလင်းလိုက်ပြီ။ လက်နက်တွေ တော်တော်များများရလိုက်တယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ABSDFကျောင်းသားတပ်မတော် အမှတ်(၃) စစ်ကြောင်း၊ တပ်ရင်း(၁၂) ရဲဘော်များသည် ဟံသာ၀တီ(ပကဖ)၊ CDF SIYIN၊ ကလေးခရိုင် စစ်ဒေသ၊ ထန်တလန် DR အဖွဲ့များနှင့် လက်တွဲ၍ ကြံသာရွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး အသေးစိတ် အခြေအနေများ ဖော်ပြမထားပေ။
တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းမှတ်တမ်းဓာတ်ပုံများကို ဖော်ပြထားရာ လက်နက်ကြီး လက်နက်ငယ် ၁၅လက်ထက်မနည်း၊ RPG ကျည်နှင့် လက်နက်ကြီးကျည်များစွာ ၊ ဒရုန်းဗုံးသီးများနှင့် စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းပိုက်ရရှိထားသည်ကိုတွေ့ရသည်။စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့အချို့ထံ ထပ်မံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
ABSDFသည် စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းစစ်ဆင်ရေးတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသအသီးသီးမှ ပကဖ များနှင့် ပူးပေါင်းပါဝင်ခဲ့သည်။
စစ်ကောင်စီ အနေဖြင့် နှစ်ဖက်အပစ်ရပ်ကြေညာထားချိန် လေကြောင်းတိုက်ခိုက်မှုများ ထိုးစစ်ဆင်မှုများလုပ်ဆောင်နေခြင်းကြောင့် အင်းတော်မြို့ကို တန်ပြန်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ဟု KIAက အသိပေးထားသည်။

























































