Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် − ကာမိုင်းလမ်းပိုင်း နမ့်ယားရွာ၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာသို့ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − AFP

မေ ၃၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်ယားကျေးရွာသို့ဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲအလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မရပ်မနားဖြစ်နေတာဗျ။ စစ်တပ်က ရွာကို စီးဖို့်ကြိုးစားနေတာ။ ညနေပိုင်းမှာ သူတို့ကို KIA နဲ့ PDF တွေက ပိတ်ဆို့ထားတော့ လေကြောင်းလာပစ်တယ်”ဟု KIA စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဖားကန့် − ကာမိုင်းလမ်းပိုင်းမှတဆင့် နမ့်ယားကျေးရွာကိုဦးတည်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ဧပြီ၂၃ရက်ကတည်းက KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည်။

Public Service Announcement

Public Service Announcement

မေလ ၂ ရက်တွင် စစ်ကောင်စီတပ်က နမ့်ယားရွာအတွင်း ဝင်လာ၍ တိုက်ပွဲများ ပိုမိုပြင်းထန်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ နမ့်ယားကျေးရွာအနီး တစ်ပတ်ခန့်ကြာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၀၀ခန့်သေဆုံးပြီး လေကြောင်းပစ်ကူဖြင့် ရှေ့တိုးလာခြင်းဟု သတင်းရရှိသည်။

” ဒီနေ့တိုက်ပွဲလည်း စစ်တပ်ဘက်က ရှေ့တန်းစစ်ကြောင်းပြိုတယ်ကြားတယ်။အဓိကက ရှမ်းနီနဲ့ ပျူတွေ။ စစ်သင်တန်းဆင်းတွေ သေတာများတာ”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ယနေ့(မေလ ၃ရက်) ညနေ ၄နာရီခန့်တွင် စစ်ကောင်စီတပ်က နမ့်ယားကျေးရွာအတွင်း လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲခဲ့ကြောင်း သတင်းရရှိသည်။ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

စစ်ကောင်စီတပ်သည် မိုးကောင်း-ကာမိုင်း-နမ့်ယား- လုံးခင်း-ဖားကန့်လမ်းနှင့် မြစ်ကြီးနား-နမ္မတီး-လက်ဝါး-တနိုင်း- ဖားကန့်လမ်းတို့မှတဆင့် အင်အားအများအပြားဖြင့် ဧပြီ၂၃ရက်ကတည်းက စစ်ကြောင်းထိုးနေပြီး ယင်းလမ်းပိုင်းနှစ်ခုရှိ မအူပင်၊ နမ့်ယားနှင့် လဝါးကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။

နမ့်ယားကျေးရွာသည် ဖားကန့်မြို့မရောက်မီ ၁၂မိုင်ခန့်အကွာ၌ရှိသည်။ ရဲစခန်းကို ၂၀၂၄ တိုက်ပွဲများအတွင်း KIAက သိမ်းယူထားသည်။ စစ်ကောင်စီတပ်သည် မြေပြင်တွင် အထိနာနေသော်လည်း လေကြောင်းပစ်ကူဖြင့် ရှေ့တိုးလာနေသည်။

လက်ရှိတွင် ဖားကန့်မြို့အဝင်လမ်းပိုင်းများ၌ တိုက်ပွဲများပြင်းထန်နေပြီး ဖားကန့်ဒေသခံများအနေဖြင့်လည်း စစ်ရေးသတိပြုနေထိုင်ကြရန် ဖားကန့်ဒေသ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်နေသူများက သတိပေးသည်။

ဖားကန့်မြို့ကို KIAက မထိန်းချုပ်နိုင်သေးသော်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်း အပြည့်အဝ လည်ပတ်ခြင်းမရှိတော့ပေ။ ဆိုင်းတောင်ကျေးရွာကို KIAက ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် အပစ်ရပ်စဲမည်ဟု ကြေညာထားသော်လည်း အမှန်တကယ် အပစ်ရပ်စဲခြင်းမရှိဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ၊ ထိုးစစ်ဆင်မှုများ လုပ်ဆောင်ကာ ကြေညာချက်အပေါ် အမြတ်ထုတ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring အား ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook